Border News Agency
ထိုင်း၊ မေ ၁၈။
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ထိုင်းဆယ်ကျော်သက်လူငယ်တဦးကို ဝိုင်းဝန်းရိုက်နှက်ပြီး ဖိနပ်လုယူသွားတဲ့မြန်မာလူငယ်တစုကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံစုံစမ်းရှာဖွေနေပါတယ်။
အဲဒီပတ္တရားမြို့မှာ မေလ ၁၆ ရက် သန်းခေါင်ကျော်အချိန်က ချွန်ဘူရီခရိုင်၊ ဘန်လမွန်မြို့နယ် ဆူခွန်ဗစ်လမ်းပေါ်ရှိ ဘုရားကျောင်းအနီးမှာ အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တဦးတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားချိန်မှာ ကာယကံရှင်ထိုင်းလူငယ်နဲ့ သူ့သူငယ်ချင်းနှစ်ဦးဟာ ပတ္တရားတောင်ပိုင်း တံတားအနီးမှာ စုဝေးနေတဲ့ မြန်မာလူငယ် ၁၀ ဦးဝန်းကျင်ရှိတဲ့အဖွဲ့နဲ့ စတင်ဆုံတွေ့ခဲ့တာပါ။
အဲဒီအဖွဲ့ထဲကတဦးက ဘာလို့ကြည့်နေတာလဲ လို့ လှမ်းအော်ပြီးနောက် ပြဿနာမဖြစ်ချင်တာကြောင့် ထိုင်းလူငယ်တွေဘက်ကရှောင်ထွက်ခဲ့ပေမယ့် မြန်မာလူငယ်အဖွဲ့က ဆိုင်ကယ် ၃၊ ၄ စီးနဲ့ ၅ ကီလိုမီတာလောက်အထိ နောက်ကနေလိုက်လံနှောင့်ယှက်ခဲ့ပါတယ်။
အဲဒီအပြင်လမ်းဘေးမှာ အဓမ္မရပ်တန့်ခိုင်းပြီးနောက် ထိုင်းလူငယ်ရဲ့ သူငယ်ချင်းနှစ်ဦးက လမ်းတဖက်ကို ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် သူကတော့ အဖမ်းခံလိုက်ရပြီး လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်တာတွေကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဲဒီမြန်မာလူငယ်အုပ်စုဟာ ထိုင်းလူငယ်ရဲ့ ဆိုင်ကယ်ကိုဖျက်ဆီးခဲ့ကြပြီး ဝတ်ဆင်ထားတဲ့ ဖိနပ်ကို လုယူတာ၊ ဂျာကင်အင်္ကျီကိုဆုတ်ဖြဲပြီး တံထွေးနဲ့ထွေးတာတွေလုပ်ဆောင်ကာ ထွက်ပြေးသွားခဲ့ကြပါတယ်။
ထိခိုက်ခံရသူထိုင်းလူငယ်က သူဟာဖိနပ်အလုခံရရုံတင်မကဘဲ တံထွေးနဲ့ပါထွေးသွားကြတဲ့အတွက် အလွန်ပဲအရှက်ရမိတယ်လို့ ပြောပြထားပါတယ်။
အဲဒီ မြန်မာလူငယ်တွေကို ဘန်လမွန်ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီးဖြစ်လို့ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာလမ်းတစ်လျှောက်ရှိ စီစီတီဗီ (CCTV) မှတ်တမ်းတွေကိုစစ်ဆေးကာ ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။










