Border News Agency
အမေရိကန်၊ မေ ၁၈။
အမေရိကန်နဲ့အစ္စရေးတို့က အီရန်ရဲ့ စွမ်းအင်ကဏ္ဍတွေကို လေကြောင်းကနေတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ ရန်စတိုက်ခိုက်မှုမှန်သမျှကို တုံ့ပြန်ဖို့ အပြည့်အဝအသင့်ရှိနေပြီလို့ အီရန်ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၁၇ ရက်၊ မနေ့ကပြောလိုက်ပါတယ်။
တဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေနဲ့ သဘောတူညီချက်ရဖို့ အချိန်သိပ်မကျန်တော့ကြောင်း Truth Social မှာ ထပ်မံသတိပေးထားပါတယ်။
စစ်ပွဲရက်ပေါင်း ၈၀ မြောက်အထိရှိလာချိန်မှာတော့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာကို အမြန်ဆုံးရုပ်သိမ်းဖို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) တပ်မှူးဟောင်းက အမေရိကန်ကို သတိပေးထားပါတယ်။
ဒီလိုတင်းမာနေချိန်မှာပဲ ယူအေအီး (UAE) နျူကလီးယားစက်ရုံမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ဆော်ဒီအာရေဗျကလည်း အီရတ်လေပိုင်နက်ထဲကနေ ဝင်လာတဲ့ ဒရုန်း ၃ စင်းကို ကြားဖြတ်ပစ်ချခဲ့ရပါတယ်။
အမေရိကန်နိုင်ငံအတွင်းမှာတော့ ရီပတ်ဘလစ်ကန်အမတ် လင်ဆေးဂရေဟမ်က အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ဖို့ သမ္မတထရန့်ကို တိုက်တွန်းနေပါတယ်။
ဒါပေမယ့် အမတ်ဟောင်း မာဂျိုရီတေလာဂရင်းကတော့ အီရန်ထဲကို အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်ဖို့ ကြိုးစားရင် အမေရိကန်မှာ နိုင်ငံရေးတော်လှန်မှုကြီးဖြစ်လာလိမ့်မယ်လို့ ပြန်လည်သတိပေးထားပါတယ်။
အစ္စရေးနိုင်ငံက ဂျာမနီမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကနေ ခဲယမ်းမီးကျောက်တွေ တင်ဆောင်လာတဲ့ ကုန်တင်လေယာဉ် အများအပြားကို လက်ခံရရှိထားပြီး၊ အီရန်ကို ထပ်မံတိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်။
ဒါ့အပြင် အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းက မြို့ရွာတွေကိုလည်း အပစ်ရပ်သက်တမ်းတိုးထားတဲ့ကြားကနေ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
အခုလိုအမေရိကန်နဲ့ အီရန်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရှေ့မတိုးနိုင်ဘဲတန့်နေတာကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ ဘရန့်ရေနံစိမ်းတပီပါကို ၁၁၁ ဒေါ်လာဝန်းကျင်အထိ ပြန်လည်မြင့်တက်သွားပါတယ်။
ဒီစစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းတွေပါ ဖြစ်လာနိုင်ခြေရှိလို့ ရုရှားနဲ့ ပြင်သစ်နိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေကလည်း ဝင်ရောက်စေ့စပ်ဖို့ ကြိုးပမ်းနေကြပါတယ်။










