Border News Agency
ကွန်ဂိုဒီမို၊မေ ၁၉။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်း အီတူရီပြည်နယ်မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ပြင်းထန်နေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကနိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC)အဖြစ် မေလ ၁၇ ရက်နေ့က သတ်မှတ်ကြေညာလိုက်ပါတယ်။
အဲဒီအိမ်နီးချင်း ယူဂန်ဒါနိုင်ငံရဲ့ မြို့တော် ကမ်ပါလာအထိနယ်စပ်ဖြတ်ကျော် ကူးစက်မှုတွေ ရှိလာပြီးသံသယရှိလူနာ ၂၄၆ ဦးနဲ့ သေဆုံးသူ အနည်းဆုံး ၈၀ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
အခုတကြိမ် ကူးစက်မှုကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ဟာ အရင်က ကူးစက်ဖူးတဲ့ ဇိုင်ယာမျိုးဗီဇမဟုတ်ဘဲ ရှားပါးတဲ့ ဘွန်ဒီဗူဂျိုဗိုင်းရပ်စ်မျိုးစိတ်ဖြစ်နေတာကြောင့် ကာကွယ်ဆေးဒါမှမဟုတ် သီးသန့်ကုသဆေး မရှိသေးပါဘူး။
အီဘိုလာဗိုင်းရပ်စ်ဟာ လင်းနို့ကနေတဆင့် တောရိုင်းတိရစ္ဆာန်တွေဆီကူးစက်ပြီး အဲဒီကမှ လူသားတွေဆီ ကူးစက်တာဖြစ်ကာ လူအချင်းချင်းကြားမှာတော့ လူနာရဲ့ သွေး၊ တံထွေး၊ အန်ဖတ်နဲ့ မစင်စတဲ့ ခန္ဓာကိုယ်ထွက်အရည်တွေကို တိုက်ရိုက်ထိတွေ့မိမှသာ ကူးစက်တာဖြစ်ပါတယ်။
WHO ရဲ့ အရေးပေါ်ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နတ်သဖွန် ဝေါင်ဝီဝပ်က လက်ရှိအချိန်အထိထိုင်းနိုင်ငံမှာ အီဘိုလာကူးစက်မှု မရှိသေးပေမယ့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စစ်ဆေးမှုတွေကို စတင် တင်းကျပ်ထားတယ်လို့ ပြောပါတယ်။
အဲဒီထိုင်းအစိုးရအနေနဲ့ အနာဂတ်မှာ သံသယရှိလူနာတွေတွေ့ရှိလာပါက တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် သီးသန့်ခွဲထားမယ့် အခန်းစနစ်တွေ၊တကိုယ်ရေကာကွယ်ရေးဝတ်စုံနဲ့ ဓာတ်ခွဲခန်းစွမ်းဆောင်ရည်တွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြင်ဆင်နေပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနတွေရဲ့ သတင်းအချက်အလက်တွေကို စနစ်တကျ စောင့်ကြည့်ကြဖို့နဲ့ ထိတ်လန့်စရာဖြစ်စေမယ့် သတင်းအမှားတွေကို မမျှဝေကြဖို့လည်း တိုက်တွန်းထားပါတယ်။





