Border News Agency
အမေရိကန်၊မေ ၁၉။
ကမ္ဘာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ဖို့အတွက်အီရန်နိုင်ငံက အာဏာပိုင်အဖွဲ့အသစ် (PGSA) တခုကို မေလ ၁၈ ရက်၊မနေ့ကဖွဲ့စည်းလိုက်ပါတယ်။
ဒါ့အပြင် အဲဒီရေလမ်းကြောင်းကို ဖြတ်သန်းမယ့် သင်္ဘောတွေကို ဘစ်ကွိုင်လို ဒစ်ဂျစ်တယ်ငွေကြေးတွေနဲ့ ပေးချေရမယ့် သင်္ဘောအာမခံစနစ်သစ်တခုနဲ့ အခကြေးငွေကောက်ခံဖို့ အီရန်ဘက်က ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အီရန်ကတော့ ဒီအစီအစဉ်ဟာ စစ်ပွဲအတွင်း ပျက်စီးသွားတာတွေကို ပြန်ပြင်ဖို့ဖြစ်ပြီး တနှစ်ကို ဒေါ်လာ ၁၀ ဘီလီယံကျော် ဝင်ငွေရနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နိုင်ငံတကာ သင်္ဘောလိုင်းတွေကတော့ ဒါဟာ အာမခံအမည်ခံပြီး လမ်းကြေးအတင်းအဓမ္မကောက်ခံတာဖြစ်လို့ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းဥပဒေနဲ့ မညီဘူးလို့ ရှုမြင်နေကြပါတယ်။
အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကလည်း ဟော်မုဇ်ရေလက်ကြားကို အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်းအဖြစ်လွတ်လပ်စွာ ဖြတ်သန်းခွင့်ပေးရမှာဖြစ်ပြီး ဘယ်နိုင်ငံကမှ တရားမဝင် လမ်းကြေးမကောက်ရဘူးလို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း ဒီရေလမ်းကြောင်းကို ဘာအခကြေးငွေမှ မယူဘဲ ချက်ချင်းပြန်ဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်။






