Border News Agency
နေပြည်တော်၊ မေ ၁၉။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားတဲ့ တပ်မတော်သား တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးဦးကို အစားထိုးပြောင်းလဲလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မေလ ၁၈ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီလွှတ်တော်ကိုယ်စားလှယ် အပြောင်းအလဲဟာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နဲ့အညီ တပ်မတော်ဘက်က အကြောင်းကြားလာတာကြောင့် UEC က စိစစ်ပြီး အစားထိုးလဲလှယ်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစားထိုးလဲလှယ်ခံရတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာ မန္တလေးတိုင်းဒေသကြီးလွှတ်တော်က ဗိုလ်ကြီး ဝဏ္ဏနိုင် နေရာမှာ ဗိုလ်မှူး မင်းသုခလှိုင်နဲ့၊ရခိုင်ပြည်နယ်လွှတ်တော်က ဗိုလ်ကြီး လွင်အောင်မြတ် နေရာမှာ ဗိုလ်ကြီး မျိုးညွန့်ကို လဲလှယ်ခန့်အပ်ခဲ့ပါတယ်။
အဲဒီအပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး ဝဏ္ဏစိန်မြင့် နေရာမှာ ဗိုလ်ကြီး ကျော်သူနိုင်ကို ပြောင်းလဲခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ဗိုလ်မှူး အောင်ဇော်ထိုက် နေရာမှာတော့ ဗိုလ်မှူး ဇာနည်စိုးကို အစားထိုးလဲလှယ်ခဲ့တယ်လို့ဆိုပါတယ်။
အခုလို လွှတ်တော်တွင်းတပ်မတော်သားကိုယ်စားလှယ်တွေကို စာရင်းအပြောင်းအလဲလုပ်တာဟာ လုပ်ထုံးလုပ်နည်းအရ လူဟောင်းနေရာမှာလူသစ်တွေနဲ့ ပုံမှန်အစားထိုးလဲလှယ်တာလို့ဆိုပါတယ်။





