Border News Agency
မင်းတပ်၊ မေ ၂၉။
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်မှာ လူမရှိတဲ့နေအိမ်တွေကိုဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းတွေခိုးယူတာတွေရှိနေတာကြောင့် ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ကြောင့် ပြည်သူတချို့နေအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့အချိန်မှာ မသမာသူတွေက လူမရှိတာကို အခွင့်ကောင်းယူပြီး ဖောက်ထွင်းခိုးယူနေကြတာပါ။
ဒါကြောင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ဆုံးရှုံးမှုမရှိအောင် ကာကွယ်ပေးဖို့အတွက် ညစဉ်လှည့်ကင်း ပတ်ကင်းတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း ညစဉ်မိမိတို့နေအိမ်နဲ့ ပုန်းခိုကျင်းတွေမှာပဲ နေထိုင်ကြဖို့၊ ခွင့်ပြုချက်မရှိဘဲ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကိုသွားလာတာနဲ့ လူစုလူဝေးလုပ်တာမျိုးတွေ လုံးဝမပြုလုပ်ကြဖို့ နှိုးဆော်ထားပါတယ်။
ပြီးခဲ့တဲ့မေလဆန်းပိုင်းကတည်းက အာဏာသိမ်းစစ်တပ်ဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကိုပြန်သိမ်းဖို့ မြေပြင်၊ ဝေဟင်ကနေ အသည်းအသန်ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။






