Border News Agency
တောင်ကြီး၊ ဇွန် ၂၂။
တောင်ကြီးမြို့မှာစိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၃၀,၈၀၀ ပြားကို ဇွန်လ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီတောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ တောင်တန်းရှည်လမ်းပေါ်မှာ ဇွန်လ ၂၀ ရက်နေ့ကငြိမ်းချမ်း (ခ)အိုစမန်းကို စိတ်ကြွဆေးပြား ၈၀၀ ပြားနဲ့အတူ အရင်ဆုံး ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီအပြင် ဇွန်လ ၂၁ ရက်နေ့မှာလည်းကျောင်းကြီးစုရပ်ကွက်၊ ကျောက်တလုံးကြီးလမ်းမကြီးပေါ်မှာ ခွန်ကျော်ဝေဖြိုး (ခ) ဖြိုးနဲ့ နေမျိုးထွန်း (ခ) တက်တိုးတို့ စီးနင်းလာတဲ့ ဆိုင်ကယ်ကိုစစ်ဆေးရာကနေ စိတ်ကြွဆေးပြား ၃၀,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအမှုနဲ့ ပတ်သက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဆေးပြားတွေရောင်းချပေးသူတွေဖြစ်တဲ့ ပိုလိုနိုင်း (ခ) ဗိုလ်လိုနိုင်းနဲ့ အောင်မြတ် (ခ) ဒေဝတို့ကိုပါ TOYOTA HILUX VIGO ယာဉ်တစီးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူ ၆ ဦးစလုံးကို တောင်ကြီးမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့် အရေးယူထားပြီး ဆက်စပ်သူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။










