Border News Agency
ထိုင်း၊ဇွန် ၂၅။
ထိုင်းနိုင်ငံ၊ရယောင်းခရိုင်၊ကလန်းမြို့နယ်ထဲက ကျေးရွာတခုမှာ နိုင်ငံခြားသားတစုစုပေါင်းပြီး မူးယစ်ဆေးသုံးစွဲနေကြောင်းပြည်သူတွေရဲ့ တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က ဇွန်လ ၂၄ ရက်၊ညနေပိုင်းမှာ ဝင်ရောက်စီးနင်းပြီး မြန်မာအပါအဝင် ၆ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
အဲဒီ ကလန်းမြို့နယ်အထူးစစ်ဆင်ရေးအဖွဲ့က ကုန်းဒင်းကျေးရွာအုပ်စုအတွင်းရှိနေရာတခုကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး စစ်ဆေးချိန်မှာ မြန်မာ၊လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို တွေ့ရှိခဲ့ရတာပါ။
သူတို့အားလုံးဟာ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတွေ အပြည့်အစုံ ရှိကြပေမယ့် မူးယစ်ဆေး စစ်ဆေးကြည့်တဲ့အခါမှာတော့ အမျိုးသား ၆ ဦးမှာ မူးယစ်ဆေးဝါး သုံးစွဲထားတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
တရားခံ ၆ ဦးထဲက လာအိုနိုင်ငံသားတဦးထံကနေ အိုက်စ်မူးယစ်ဆေး ဝ ဒသမ ၉ ဂရမ်ကိုပါ ရှာဖွေတွေ့ရှိခဲ့တာကြောင့် သူ့ကို မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှု၊ သုံးစွဲမှုတို့နဲ့ အမှုဖွင့်ထားပြီး ကျန်တဲ့ မြန်မာအပါအဝင် ၅ ဦးကိုတော့ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ တရားစွဲဆိုထားပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသား ၆ ဦးစလုံးကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် ပါ့နမ်ပရာဆယ်ရဲစခန်းဆီကို လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။















