Border News Agency
ထိုင်း၊ ဇူလိုင် ၂၇။
ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီခရိုင်အတွင်း ခြင်းခတ်ပွဲနဲ့ စနုကာကစားပွဲတွေဆူညံစွာပြုလုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဆယ့်ရှစ်ဦးကို အုပ်ချုပ်ရေးအဖွဲ့တွေက ဇူလိုင်လ ၂၆ ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ရတ်ချာဘူရီမြို့နယ်၊ နောင်ကလန်နာကျေးရွာရှိ နေအိမ်တအိမ်မှာ မြန်မာလုပ်သားတရာကျော်စုဝေးကာ လောင်းကစားလုပ်နေကြောင်း ဒေသခံတွေရဲ့တိုင်ကြားချက်အရ သွားရောက်စစ်ဆေးရာမှ တရားမဝင်စနုကာလောင်းကစားပြုလုပ်သူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်အခင်းဖြစ်ပွားရာမှာရှိနေတဲ့ အခြားမြန်မာလုပ်သားခုနှစ်ဆယ်နီးပါးကို မူးယစ်ဆေးဝါးသုံးစွဲထားတာ ရှိမရှိ စစ်ဆေးခဲ့ပြီး ဆေးမတွေ့တာကြောင့် ပြန်လွှတ်ပေးခဲ့တာပါ။
အာဏာပိုင်တွေက စနုကာခုံသုံးခုံ၊ ထိုးတံရှစ်ချောင်းနဲ့ စနုကာဘောလုံးတွေကို သက်သေခံအဖြစ်သိမ်းဆည်းခဲ့ပြီး ဖမ်းဆီးရမိသူ မြန်မာဆယ့်ရှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ လောင်းကစားလုပ်လို့ ရတ်ချာဘူရီရဲစခန်းသို့ လွှဲပြောင်းအရေးယူထားပါတယ်။










