Border News Agency
စစ်ကိုင်း၊ ဇူလိုင် ၃၁။
စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံနိုင်ငံရေးသဘောတူညီချက်ပထမမူကြမ်းကိုတော်လှန်ရေးအင်အားစုခုနှစ်ခုက အတည်ပြုလိုက်တယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။
အဲဒီမူကြမ်းအတည်ပြုပွဲအခမ်းအနားကို အွန်လိုင်းမှတဆင့်ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ စစ်ကိုင်း၊ မန္တလေးဒေသအသီးသီးက တော်လှန်ရေးခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတာပါ။
ဒီသဘောတူညီချက်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ မန္တလေးဒေသလွှတ်တော်နဲ့ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီတို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မူကြမ်းမှာ အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းသည်အထိ အတူတကွတိုက်ပွဲဝင်သွားဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ပြန်မသွားဘဲ Bottom-up ဖက်ဒရယ်စနစ်နဲ့ ပြည်သူ့ထံအချုပ်အခြာအာဏာ အပ်နှင်းရေးတို့ကိုသဘောတူထားကြပါတယ်။
အဲဒီအပြင် လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး အရပ်သားအစိုးရကွပ်ကဲမှုအောက် ထားရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ အမျိုးသမီးပါဝင်မှုအနည်းဆုံးသုံးဆယ်ရာခိုင်နှုန်း သတ်မှတ်ရေးစတဲ့ အချက်တွေကိုလည်းထည့်သွင်းအတည်ပြုခဲ့ကြပါတယ်။








