Border News Agency
အန္တလေး၊ ဇူလိုင် ၃၁။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မင်းတည်းကုန်းရွာအနီး မြစ်ငယ် – ထုံးဘို ကားလမ်းပေါ်မှာ ကျပ်သိန်းလေးထောင်လေးရာတန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို လူလေးဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဇူလိုင်လ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမင်းတည်းကုန်းရွာအနီး မြစ်ငယ်-ထုံးဘို ကားလမ်းပေါ်မှာ ဇူလိုင်လ ၂၈ ရက်နေ့က မူးယစ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ ဆိုင်ကယ်လေးစီးနဲ့လာတဲ့ မြင့်ဦး၊ မျိုးဇော်ဦး၊ ရဲထွန်းနဲ့ မောင်ဝင်း တို့လေးဦးကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
အဲဒီဆိုင်ကယ်တွေပေါ်မှာ သယ်ဆောင်လာတဲ့ဆာလာအိတ်တွေထဲကနေ ဘိန်းဖြူ အလေးချိန်တဆယ့်ခုနှစ်ဒသမခြောက်ကီလိုနဲ့အတူလက်ကိုင်ဖုန်းငါးလုံးကိုပါ သက်သေအဖြစ် သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူ အသက်သုံးဆယ့်နှစ်နှစ်အရွယ် မြင့်ဦး၊ အသက်သုံးဆယ့်ခြောက်နှစ်အရွယ် မျိုးဇော်ဦး၊အသက်သုံးဆယ့်ရှစ်နှစ်အရွယ် ရဲထွန်းနဲ့ အသက်ငါးဆယ့်နှစ်နှစ်အရွယ် မောင်ဝင်းတို့လေးဦးကို မြစ်ငယ်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။
အဲဒီမူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်နေတဲ့ နောက်ကွယ်ကကွင်းဆက်တွေကိုပါဆက်လက် ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။







