Border News Agency
နေပြည်တော်၊ သြဂုတ် ၄။
နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ ဩဂုတ်လ ၃ ရက်နေ့မှ ၄ ရက်ထိ နှစ်ရက်ကြာတွေ့နေကြပါတယ်။
အဲဒီပထမနေ့မှာ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊ ဝရဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းဆောင်ရွက်နိုင်ရေးအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီပွဲကို ဝ ဘက်က ဒုဥက္ကဋ္ဌဦးကျောက်ကော်အန်းဦးဆောင်ပြီး ဒုအထွေထွေအတွင်းရေးမှူးချုပ်ဦးပေါက်အိုက်ခမ်းနဲ့ ၁၇၁ စစ်ဒေသနိုင်ငံရေးမှူး ဦးထင်ဆမ်ရုန်း (ခ) အားဖူတို့ တက်ရောက်ခဲ့ကြတာပါ။
အဲဒီအပြင် ဝ တပ်မဟာ ၄၈၅ တပ်မဟာမှူးဦးပေါက်ကျွင်းလုံ၊ တပ်မဟာ ၄၆၈ နိုင်ငံရေးမှူး ဦးကျောက်ရှောက်ဖူ၊ ဒုတိယစစ်ဦးစီးမှူးဦးလီကော်ဖျင်နဲ့ လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံဦးကျောက်ညီရမ်းလည်း ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးအရပြိုင်တေဆိုင်မှုတွေကြုံတွေ့နေရချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံတာဆက်တိုက်လုပ်ပြီး စည်းရုံးနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။







