Border News Agency
လောင်းလုံး၊ စက်တင်ဘာ ၇။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ဆိုင်ကယ်ပြင်ဆိုင်တခုမှာ မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ အသက်သုံးဆယ့်ရှစ်နှစ်အရွယ် အမျိုးသားတဦးကို လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က စက်တင်ဘာလ ၆ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီစီးနင်းရှာဖွေမှုကို မြို့နယ်လုံခြုံရေးမှူးနဲ့ ဒုတိယမြို့နယ်လုံခြုံရေးမှူးတို့ဦးစီးတဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က သွားရောက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဝင်ရောက်ရှာဖွေစဉ် ဒဗလျူဝိုင် (WY) မူးယစ်ဆေးပြားတရာ့ခြောက်ဆယ့်ရှစ်လုံး၊ ဘီအေကိုးဆယ့်လေး (BA 94) သေနတ်တလက်၊ မြန်မာငွေကျပ်တဆယ့်တသိန်းကျော်၊ ဖုန်းနှစ်လုံး၊ လက်ပတ်နာရီခြောက်လုံးနဲ့ အိတ်လေးလုံးတို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့မီးခြစ် ရှစ်ခု၊ ပိုက်ထုတ်လေးထုတ်၊ ပိုက်ထည့်တဲ့ဘူးတဘူး၊ နားကြပ်ဘူးခွံတခုနဲ့ ဂက်စ်ဘူး တဘူးစတဲ့ ဆက်စပ်ပစ္စည်းတွေကိုပါစိစစ်တွေ့ရှိခဲ့ရပါတယ်။
အဲဒီဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူကို ထိရောက်စွာအရေးယူနိုင်ဖို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဆက်လက် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။









