Border News Agency
အမေရိကန်၊ စက်တင်ဘာ ၇။
အမေရိကန်နိုင်ငံ၊ မိုင်ယာမီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စက်တင်ဘာလ ၆ ရက်နေ့က အမေဇွန်ကုန်တင်လေယာဉ်တစီးဆင်းသက်ချိန် ပြေးလမ်းကျော်လွန်ပြီး လမ်းပေါ်ကကားတွေကိုဝင်တိုက်ခဲ့တာကြောင့် လူငါးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီစိန့်ဂျွန်မြို့ကနေ ပျံသန်းလာတဲ့သက်တမ်းသုံးဆယ့်နှစ်နှစ်ရှိ ဘိုးအင်း (Boeing 767)ကုန်တင်လေယာဉ်ဟာ ပြေးလမ်းအဆုံးမှာ တနာရီကိုမိုင်တရာ့သုံးဆယ်အရှိန်နဲ့ ကျော်လွန်သွားခဲ့တာဖြစ်ပြီး ဆင်းသက်ချိန် အရေးပေါ်အခြေအနေ သတင်းပို့ခဲ့တာမရှိဘူးလို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ကားတွေအတွင်း ပိတ်မိနေသူတွေကိုကယ်ထုတ်ခဲ့ရသလို လေယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်ခြောက်ဆယ်ထက်မနည်း သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ခု မတော်တဆဖြစ်ပွားမှုကို အမေရိကန်အမျိုးသားပို့ဆောင်ဆက်သွယ်ရေးလုံခြုံရေးဘုတ်အဖွဲ့ (NTSB) နဲ့ ဖက်ဒရယ်လေကြောင်းကွပ်ကဲရေးဦးစီးဌာန (FAA) တို့က စုံစမ်းစစ်ဆေးမှုတွေစတင် ပြုလုပ်နေပါတယ်။
အဲဒီလေယာဉ်ကို တွဲဖက်ပြေးဆွဲတဲ့ တွဲတအဲယား (21 Air) နဲ့အမေဇွန်ကုမ္ပဏီတို့က ဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။














