Border News Agency
သံတွဲ၊ စက်တင်ဘာ ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စက်တင်ဘာလ ၇ ရက်၊ဒီနေ့မနက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး သုံး ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီသံတွဲမြို့၊ အမှတ် (၈/ခ) ရပ်ကွက်ရှိ (၁) လမ်းအံတော်ဘုရားလမ်းသစ်ထိပ်နဲ့ (၃) လမ်းထိပ် 9 Stars အရက်ဆိုင်အနီးကို ဒီနေ့မနက် ၁၀ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့်အသက်ခုနှစ်ဆယ်ခုနှစ်အရွယ် ဒေါ်သန်းကြွယ်သေဆုံးခဲ့ရပါတယ်။
အဲဒီအပြင် အသက်ခုနှစ်ဆယ်အရွယ်ဒေါ်အေးအေးကြွယ်၊အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် မိုးမိုးမြင့်အောင်နဲ့ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် ရန်နောင်ထက်တို့ သုံးဦးမှာလည်းဒဏ်ရာရသွားခဲ့ကြပါတယ်။
အဲဒီအပြင် လူနေအိမ်ခြောက်လုံးနဲ့ ဆိုင်ခန်းနှစ်ခန်းပျက်စီးသွားခဲ့တာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကိုလည်း ဒီနေ့မနက် ၇ နာရီ ၄၅ မိနစ်မှ ၈ နာရီအချိန်ထိ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA)ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ ရွယ်ရည်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရနေကြရပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းအန္တရာယ်ကို သတိထားကြဖို အာရက္ခတပ်တော်ကထပ်ပြီး အသိပေးထားပါတယ်။










