Border News Agency
မောင်တော၊ စက်တင်ဘာ ၈ ။
ရခိုင်မှာ ပဋိပက္ခတွေသိသိသာသာပြင်းထန်လာနေပြီး လက်နက်ကိုင်အဖွဲ့အမျိုးမျိုးကကျူးလွန်တယ်ဆိုတဲ့ လူသတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ညှဉ်းပန်းနှိပ်စက်မှုနဲ့ နယ်မြေမှ အင်အားသုံးဖယ်ရှားမှုဆိုင်ရာစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Nicholas Koumjian က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောခဲ့ပါတယ်။
အဲဒီအပြင် ရခိုင်ရှိ ရခိုင်လူမျိုးတွေနဲ့တခြားတိုင်းရင်းသားလူနည်းစုတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပိတ်ဆို့ခံရမှုတွေကို ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ပွဲတွေကြားပိတ်မိနေတဲ့ ရိုဟင်ဂျာတွေဟာလည်း အကြမ်းဖက်မှုတွေကြောင့် ဘေးလွတ်ရာကို စွန့်စားထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်အစပိုင်းကတည်းက ရိုဟင်ဂျာတသိန်းငါးသောင်းလေးထောင်ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး ရခိုင်မှာ မလုံခြုံမှုတွေ ဆက်ရှိနေတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ ရိုဟင်ဂျာတသန်းနီးပါးရှိလာပြီလို့ဆိုပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရရှိရေး သက်သေအထောက်အထားတွေကို IIMM စုဆောင်းပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နဲ့ နိုင်ငံတကာတရားရုံး (ICJ) အပါအဝင် တရားရေးအာဏာပိုင်တွေဆီ မျှဝေပေးထားတယ်လို့ဆိုပါတယ်။






