Border News Agency
ထိုင်း၊စက်တင်ဘာ ၁၀ ။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်းလမုန်းမြို့နယ်ရှိ နောင်ပလာလိုင်စည်ပင်သာယာ မူလတန်းကျောင်းအတွင်းမှာ ဇနီးဖြစ်သူဆရာမကိုပစ်သတ်ခဲ့တဲ့ ထိုင်းဒုတိယရဲတပ်ကြပ်တဦးဟာ စက်တင်ဘာလ ၁၀ ရက်၊ဒီနေ့ မနက်ကလက်နက်ချဖမ်းဆီးခံခဲ့ပါတယ်။
အဲဒီရဲတပ်ကြပ်ဟာ စက်တင်ဘာလ ၉ ရက်နေ့က ကျောင်းအတွင်းဝင်ရောက်ကာ ဇနီးဖြစ်သူကိုပစ်သတ်ခဲ့ပြီးနောက် အိမ်သို့ ပြန်သွားခဲ့ရာ ရဲတပ်ဖွဲ့ကအိမ်ကို ဝိုင်းဝန်းပိတ်ဆို့ပြီး လက်နက်ချဖို့ နာရီပေါင်းများစွာညှိနှိုင်းခဲ့တာဖြစ်ပါတယ်။
အဲဒီဝိုင်းဝန်းပိတ်ဆို့ ညှိနှိုင်းမှုအတွင်း သားဖြစ်သူကပါတညလုံးတောင်းပန်ပြောဆိုခဲ့တာကြောင့် မနက် ၆ နာရီ ၂၀ မိနစ်အချိန်မှာ အိမ်ရှေ့သို့ထွက်လာစဉ် ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းကာ ဘန်းလမုန်းရဲစခန်းသို့ ပို့ဆောင်ခဲ့တာပါ။
ပစ်ခတ်မှုဖြစ်ပွားချိန်မှ ဖမ်းဆီးရမိချိန်အထိ စစ်ဆင်ရေးတခုလုံးဟာ နာရီနှစ်ဆယ်ကျော်ကြာမြင့်ခဲ့ပါတယ်။
အဲဒီရဲတပ်ကြပ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စိတ်ရောဂါအထောက်အထားမတွေ့ရဘဲ မိသားစုအဆင်မပြေမှုပြဿနာတွေကြောင့် ခုလိုပြုလုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့တွေကဆိုပါတယ်။








