Border News Agency
ကမ္ဘောဒီးယား၊ စက်တင်ဘာ ၁၀ ။
ကမ္ဘောဒီးယားဘုရင်နိုရိုဒမ်သီဟာမိုနီရဲ့ ဖိတ်ကြားချက်အရ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားနိုင်ငံကို စက်တင်ဘာ ၁၁ ရက်ကနေ ၁၂ ရက်အထိသွားရောက်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။
ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ယာယီနိုင်ငံတော်အကြီးအကဲဟွန်ဆန်နဲ့ ထိပ်သီးအဆင့်တွေ့ဆုံဆွေးနွေးမှာဖြစ်သလို ဝန်ကြီးချုပ်ဟွန်မာနက်နဲ့လည်း နှစ်နိုင်ငံအဆင့်ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံအကြားရှိရင်းစွဲ ဆက်ဆံရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးချဲ့ဖို့နဲ့ ဒေသတွင်း၊ နိုင်ငံတကာရေးရာကိစ္စတွေကို အမြင်ချင်းဖလှယ်ဆွေးနွေးသွားကြမှာပါ။
အဲဲဒီအပြင်ဖနွမ်းပင်မြို့မှာရှိတဲ့ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်နဲ့ ကွယ်လွန်သူဘုရင်ဖခင်ကြီး နိုရိုဒမ်သီဟာနုရဲ့ တော်ဝင်ရုပ်တုတို့မှာ လွမ်းသူ့ပန်းခွေချအလေးပြုဖို့လည်း အစီအစဉ်ရှိနေပါတယ်။
အခုခရီးစဉ်ဟာ မြန်မာနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုခိုင်မာစေဖို့အတွက်ဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။







