Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၁၅။
မြန်မာ့မီးရထားကပြေးဆွဲနေတဲ့ DEMU အမြန်ရထားတွေနဲ့ ထွန်စက်၊ ဘေးတွဲဆိုင်ကယ်တို့ နှစ်ရက်ဆက်တိုက်တိုက်မိမှုဖြစ်ပွားခဲ့ပြီး သံဃာတပါးနဲ့ ကိုရင်တပါးအပါအဝင် စုစုပေါင်းလေးဦးသေဆုံးခဲ့ပါတယ်။
နေပြည်တော်ကနေ ရန်ကုန်ကိုထွက်ခွာလာတဲ့ အမှတ် ၈ အစုန် DEMU အမြန်ရထားဟာ စက်တင်ဘာလ ၁၄ ရက်၊နေ့လည်ပိုင်းက ပြွန်တန်ဆာဘူတာနဲ့ ဒိုက်ဦးဘူတာအကြား တရားမဝင်လမ်းဖြတ်ကူးနေရာကနေဝင်လာတဲ့ ထွန်စက်တစီးကိုတိုက်မိခဲ့တာပါ။
အဲဒီလိုတိုက်မိမှုကြောင့် ထွန်စက်မှာနှစ်ပိုင်းပြတ်တိမ်းမှောက်သွားခဲ့ပြီး လိုက်ပါလာသူနှစ်ဦးစလုံးပြင်းထန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့သလို ရထားရှေ့မျက်နှာစာလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။
အဲဒီအပြင်စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ရန်ကုန်ကနေထွက်ခွာလာတဲ့ အမှတ် ၅ အဆန် DEMU အမြန်ရထားဟာ ရထားလမ်းကိုရုတ်တရက်ဖြတ်ကူးလာတဲ့ ဘေးတွဲဆိုင်ကယ်တစီးကို တိုက်မိခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ဘေးတွဲဆိုင်ကယ်ကြေမွပျက်စီးခဲ့ပြီး မောင်းနှင်လာတဲ့ သံဃာတပါးနဲ့ကိုရင်တပါးလည်းသေဆုံးခဲ့ပါသေးတယ်။












