Border News Agency
တာချီလိတ်၊ စက်တင်ဘာ ၁၅။
ရှမ်းပြည်အရှေ့ပိုင်း၊တာချီလိတ်မြို့မှာ ငွေကျပ်တဒသမနှစ်ခြောက်ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီတာချီလိတ်မြို့ရှိ အမှတ် ၁ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားထိပ်၊ နာရီစင်အဝိုင်းအနီးမှာ စက်တင်ဘာလ ၁၄ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေဟာ ရှာဖွေစစ်ဆေးရေးဆောင်ရွက်နေစဉ် လမ်းလျှောက်လာတဲ့ မျိုးမြင့်ဦး(ခ)မျိုးမင်းဦးကို မသင်္ကာဖွယ်တွေ့ရှိလို့ စစ်ဆေးရှာဖွေခဲ့တာဖြစ်ပါတယ်။
အဲဒီလိုစစ်ဆေးရှာဖွေခဲ့တာကြောင့် မျိုးမြင့်ဦး(ခ)မျိုးမင်းဦးလွယ်အိတ်အတွင်းကနေ ကျပ်ရှစ်ရှစ်လေးဒသမရှစ် သိန်းခန့်ဖိုးရှိ ကတ်တမင်းအဆီရည် နှစ်ရှစ်တစ် ဒသမခြောက်မီလီလီတာခန့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။
အဲဒီအပြင်ပြန်လည်ရောင်းချဖို့ဝယ်ယူခဲ့တဲ့ ဦးလှိုင်ဝင်းတင့်ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့နေအိမ်ကနေ ကာလတန်ဖိုး ကျပ်တဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေသိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကို မူးယစ်ဆေးဝါးတွေနဲ့အတူဥပဒေအရထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ဖို့အတွက်သက်ဆိုင်ရာနယ်မြေရဲစခန်းကို လွှဲပြောင်းအမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဆက်စပ်တရားခံတွေကိုလည်း ဆက်လက်ဖော်ထုတ်နိုင်ဖို့ဆောင်ရွက်နေပါတယ်။








