Border News Agency
ရသေ့တောင်၊ စက်တင်ဘာ ၂၄။
ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမယ့်ခြောက်လအတွင်း လူပေါင်းလေးသိန်းခွဲနီးပါး သေဆုံးနိုင်တယ်လို့ ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်တွေရဲ့ အစီရင်ခံစာသစ်မှာခန့်မှန်းထားပါတယ်။
ဒီအယ်လ်နီညိုဖြစ်စဉ်ဟာ လာမယ့်လတွေမှာ အရှိန်ပိုမိုမြင့်တက်လာမှာဖြစ်ပြီး အာရှတောင်ပိုင်း၊ အာဖရိကနဲ့ အမေရိကဒေသအများအပြားမှာ ပြင်းပြင်းထန်ထန်သက်ရောက်မှုတွေရှိလာနိုင်တာပါ။
စက်တင်ဘာလကနေလာမယ့် ဖေဖော်ဝါရီလအထိ အပူချိန်မြင့်မားမှုကြောင့် နိုက်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ ဆူဒန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေမှာ သေပျောက်နှုန်းအများဆုံးဖြစ်လာနိုင်တယ်လို့လည်း ပညာရှင်တွေကသတိပေးထားပါတယ်။
အဲဒီအပြင် ၂၀၂၇ ခုနှစ်၊ဇွန်လနဲ့ ဇူလိုင်လတွေမှာ အယ်လ်နီညိုကြောင့်သေဆုံးမှုနှုန်းဟာ ပိုမိုမြင့်မားလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
အရေးပေါ်တုံ့ပြန်မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို သက်ဆိုင်ရာအစိုးရတွေဘက်ကလုပ်ဆောင်ထားရင် သေဆုံးမှုတွေကို ထိထိရောက်ရောက်လျှော့ချနိုင်မယ်လို့လည်း ပါမောက္ခတွေကထောက်ပြထားတာပါ။
ပြင်းထန်တဲ့ရာသီဥတုကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှုပါထိခိုက်လာနိုင်ပြီး လူသန်းငါးဆယ်လောက် အကူအညီမဲ့ငတ်မွတ်ခေါင်းပါးတဲ့ဘေးအန္တရာယ်နဲ့ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကလည်း သတိပေးထားပါတယ်။






