Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၂၄။
Time မဂ္ဂဇင်းနဲ့ သတင်းထောက် Charlie Campbell တို့ရဲ့ရေးသားဖော်ပြချက်တွေဟာ မီဒီယာကျင့်ဝတ်ကိုမလိုက်နာတာမို့ ပြစ်တင်ရှုတ်ချကြောင်း အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
”the Future of Myanmar” ခေါင်းစဉ်နဲ့ရေးသားဖော်ပြဖို့ မြန်မာသံရုံးစင်ကာပူမှတဆင့် မေတ္တာရပ်ခံခဲ့တာကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သတင်းထောက် Charlie Campbell နဲ့ လက်ခံတွေ့ဆုံခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
တွေ့ဆုံစဉ်မေးမြန်းချက်တွေကို လက်ခံဖြေကြားခဲ့ပေမယ့် မဂ္ဂဇင်းအွန်လိုင်းမီဒီယာမှာဖော်ပြရာမှာတော့ မူလအင်တာဗျူး အမေးအဖြေ ပုံစံမဟုတ်ဘဲ ဆောင်းပါးပုံစံနဲ့ရေးသားခဲ့ပြီး အမှန်တကယ်ဖြေကြားခဲ့တာတွေကို ပွင့်လင်းမြင်သာစွာဖော်ပြခဲ့တာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
အဲဒီအပြင် ကနဦးဆွေးနွေးသဘောတူညီချက်မှာမပါဝင်တဲ့အကြောင်းအရာတွေကို အလေးပေးဖော်ပြခဲ့ပြီးမလိုလားအပ်တဲ့ ရေးသားချက်တွေ၊ အခြားပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ထည့်သွင်းသုံးသပ်ရေးသားခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ဘက်က စွပ်စွဲထားပါတယ်။
ဒါကြောင့် Time မဂ္ဂဇင်းနဲ့ သတင်းထောက်တို့ဟာ မီဒီယာကျင့်ဝတ်နဲ့ မလျော်ညီဘဲ စိစစ်စကားလုံးတွေသုံးနှုန်းကာ တာဝန်မဲ့ ရေးသားခဲ့ကြတယ်လို့ ထုတ်ပြန်ထားတာပါ။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သတင်းထောက် Charlie Campbell တို့ရဲ့ အမေးအဖြေ အပြည့်အစုံကို ဆက်လက်ထုတ်လွှင့်ဖော်ပြသွားမယ်လို့လည်း အာဏာသိမ်းစစ်တပ်ကပြောဆိုထားပါတယ်။







