Border News Agency
အမေရိကန်၊ စက်တင်ဘာ ၂၄။
စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်မရရှိပါက အီရန်နိုင်ငံကိုလုံးဝချေမှုန်းပစ်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂၂ ရက်နေ့မှာ သတိပေးထားပါတယ်။
ဒါပေမယ့်လည်း ကုလသမဂ္ဂမှာသံတမန်ရေးအရ ကြိုးပမ်းဆွေးနွေးမှုတွေလုပ်နေတာကြောင့် မကြာမီကာလအတွင်း သဘောတူညီချက်တခုရရှိလာနိုင်တယ်လို့လည်း သမ္မတထရမ့်ကဆိုပါတယ်။
နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ ထရမ့်က အီရန်နိုင်ငံပြန်လည်ထူထောင်ရေးအတွက် သဘောတူညီချက်လုပ်ဆောင်မလား သို့မဟုတ် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကို အမြန်ဆုံးလုံးဝချေမှုန်းပစ်မယ်လားဆိုတာကို ဆုံးဖြတ်ရတော့မယ်လို့ မေးခွန်းထုတ်ပြောဆိုခဲ့တာပါ။
အီရန်နိုင်ငံအနေနဲ့ အခြားလူတွေနဲ့နယ်မြေတွေကိုထပ်မံဖျက်ဆီးခွင့် ဘယ်တော့မှမရရှိစေဖို့အတွက် ခုလိုမျိူးအပြတ်ရှင်းလင်းဖို့စဉ်းစားရတော့မယ်လို့လည်း အမေရိကန်သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ အီရန်စစ်တပ်က အဲဒီနေ့ကတည်းကတုံ့ပြန်ချက်ထုတ်ပြန်ခဲ့ပြီး ထရမ့်ရဲ့မိန့်ခွန်းဟာဝါဒဖြန့်မှုမျှသာဖြစ်ကြောင်းပယ်ချခဲ့ကာ ကျူးကျော်သူတွေကိုပြင်းထန်ပြီး မမှန်းဆနိုင်တဲ့ထိုးနှက်ချက်တွေပေးဖို့အသင့်ရှိကြောင်း ပြန်လည်တုံ့ပြန်ထားပါတယ်။








