Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၂၂။
တိုင်းဒေသကြီးနဲ့ပြည်နယ်ခုနှစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ခုနှစ်ဦးကို အစားထိုးပြောင်းလဲလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၁ ရက်နေ့ကထုတ်ပြန်ပါတယ်။
၂၀၂၆ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်ကစပြီး အပိုင်းလိုက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ခုနှစ်ဦးကို အစားထိုးပြောင်းလဲခဲ့တာဖြစ်ပါတယ်။
အဲဒီ အစားထိုးပြောင်းလဲခံရတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ခုနှစ်ဦးဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေမှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး တာဝန်ထမ်းဆောင်နေကြသူတွေ ဖြစ်ကြပါတယ်။
အပြောင်းအလဲတွေထဲမှာ ကယားပြည်မှာ ဗိုလ်မှူးကြီး သန်းစိုးအောင်အစား ဗိုလ်မှူးကြီး နောင်လတ်၊ စစ်ကိုင်းတိုင်းမှာ ဗိုလ်မှူးကြီး ဝင်းတင်စိုး အစား ဗိုလ်မှူးကြီး မင်းသိန်း၊ မကွေးတိုင်းမှာ ဗိုလ်မှူးကြီး မိုးမင်းသိန်းအစား ဗိုလ်မှူးကြီးနိုင်ဇင်ထွန်းနဲ့ မွန်ပြည်နယ်မှာ ဗိုလ်မှူးကြီးကျော်စွာမြင့်အစား ဗိုလ်မှူးကြီး ရဲထွဋ်တို့ပါဝင်ပါတယ်။
အဲဒီအပြင် ရခိုင်ပြည်မှာ ဗိုလ်မှူးကြီး ကျော်သူရ အစား ဗိုလ်မှူးကြီး ဇော်လင်းထွန်း၊ ရန်ကုန်တိုင်းမှာ ဗိုလ်မှူးကြီး ဝင်းတင့် အစား ဗိုလ်မှူးကြီး ကျော်ကျော်ဦးနဲ့ ရှမ်းပြည်မှာ ဗိုလ်မှူးကြီးစိန်ဝင်းအစား ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်တို့ကိုလည်း အစားထိုးပြောင်းလဲခဲ့တာဖြစ်ပါတယ်။






