Border News Agency
စစ်တွေ၊ အောက်တိုဘာ ၃၁။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့အားကောင်းသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အာရက္ခဒေသမှာ နေရာစိပ်စိပ်နဲ့ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။
ဒီနေ့မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲ တိုင်းထွာချက်တွေအရ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပါတယ်။
နိုဝင်ဘာလ ၂ ရက်မှာတော့ အိန္ဒိယနိုင်ငံ၊အင်ဒရာပရာဒေ့ရှ် ကမ်းခြေဘက်သို့ရောက်ရှိမယ်လို့ ခန့်မှန်းထားတာပါ။
ဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒီနေ့မှစတင်ကာ နိုဝင်ဘာလ ၃ ရက်အတွင်း အာရက္ခဒေသ အပါအဝင် တိုင်းနဲ့ ပြည်နယ်အများအပြားမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရုတ်တရက် ရေကြီးတာ၊ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တာကြောင့် အာရက္ခဒေသအတွင်းရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကိုလည်း ကြိုတင်သတိပြုကြဖို့ အသိပေးထားပါတယ်။
အဲဒီအပြင် ပင်လယ်ပြင်အတွင်း မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တာကြောင့် ပင်လယ်ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊သင်္ဘောတွေနဲ့ ပြည်တွင်းလေကြောင်း ပျံသန်းရေးတွေအနေနဲ့လည်း ကြိုတင်သတိပြုရှောင်ရှားကြဖို့ မိုးဇလကတိုက်တွန်း နှိုးဆော်ထားပါတယ်။








