Border News Agency
ကျောက်မဲ၊ နိုဝင်ဘာ ၁၅။
ရှမ်းပြည်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်မှာ ငွေကျပ်သိန်းတရာတန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား နှစ်သောင်းကျော်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ကျောက်မဲမြို့နယ်၊ ဗူးခါးကျေးရွာအနီး၊ ကျောက်မဲ – သီပေါသွားကားလမ်းမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က မော်တော်ယာဉ်တွေကို စစ်ဆေးရှာဖွေစဉ် စိုင်းစံလှမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့တာဖြစ်ပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ ဆိုင်ကယ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားနှစ်သောင်းနှစ်ထောင်ပြားနဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ကွင်းဆက်ဖော်ထုတ်ချက်အရမူးယစ်ဆေးပြားတွေ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ မမိမိခိုင် (ခ) မခိုင်ကို ကျောက်မဲမြို့၊ အုတ်ကျင်းရပ်ကွက် ၁ ရှိ နေအိမ်မှာ လက်ကိုင်ဖုန်းတလုံးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
ဒါကြောင့် ဖမ်းဆီးရမိသူတွေဖြစ်တဲ့ စိုင်းစံလှနဲ့ မမိမိခိုင် (ခ) မခိုင်တို့ကို ကျောက်မဲမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။









