Border News Agency
ပလက်ဝ၊ ဧပြီ ၁၁။
အာရက္ခတပ်တော် (AA) ရဲ့ ၁၇ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပလက်ဝခရိုင်အတွင်းက စစ်၊ရဲသုံ့ပန်းတွေနဲ့ အရပ်သားအကျဉ်းသား စုစုပေါင်း ၂၁ ဦးကို AA က ဧပြီလ ၁၀ ရက်၊ မနေ့ကလွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
အဲဒီလွတ်မြောက်လာသူတွေထဲမှာ စစ်သုံ့ပန်း ၉ ဦး၊ ရဲသုံ့ပန်း ၄ ဦးနဲ့ အမျိုးသမီးတဦးအပါအဝင် အရပ်ဘက်အကျဉ်းသား ၈ ဦးပါဝင်ပြီး လူသားချင်းစာနာထောက်ထားမှု အခြေခံကာလွှတ်ပေးခဲ့တာဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ အဲဒီသုံ့ပန်းအကျဉ်းသားတွေကို သူတို့ရဲ့ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေတွေအတိုင်း စနစ်တကျထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီးနောက် ခုလိုပြန်လည်စေလွှတ်ပေးခဲ့တာပါ။
AA အနေနဲ့ပလက်ဝခရိုင်အတွင်း အခုလိုသုံ့ပန်းနဲ့အကျဉ်းသားတွေကိုလွှတ်ပေးတာဟာ အခုအကြိမ်အပါအဝင် ၁၁ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကလည်း လူပေါင်း ၃၀ ကို လွှတ်ပေးခဲ့ပါသေးတယ်။
အဲဒီလွတ်မြောက်လာသူတွေဟာ တပ်တော်နေ့မှာ မိသားစုတွေနဲ့ပြန်လည်ဆုံစည်းခွင့်ရခဲ့ကြသလို အထဲမှာကျန်ရှိနေသေးတဲ့ သုံ့ပန်းတွေကိုလည်း စည်းကမ်းတကျနေထိုင်ကြဖို့မှာကြားခဲ့တယ်လို့ သိရပါတယ်။








