Border News Agency
မကွေး၊ မေ ၃။
မကွေးတိုင်း၊ ရေစကြိုမှာတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ Southern Yesagyo က မေလ ၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီရေစကြိုမြို့နယ်က တောင်အိုစစ်ဆေးရေးဂိတ်ကနေပြန်လာတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် ၇ ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဧပြီလ ၃၀ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီ ပစ်ခတ်မှုအတွင်းမှာ အာဏာသိမ်းစစ်တပ် ခလရ ၂၅၈ က စစ်သား ၁ဦးနဲ့ ရဲ ၆ ဦး သေဆုံးခဲ့တာဖြစ်ပြီး သူတို့ဆီကနေ G3 ၂လက်၊ MA3 ၁ လက်၊ MA13 ၁လက်နဲ့ ခြောက်လုံးပြူး ၁ လက်အပါအဝင် ခဲယမ်းမီးကျောက်တွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို Southern Yesagyo တပ်ပေါင်းစုနဲ့ ဒေသခံ PDF အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်းမှာ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေရဲ့နောက်ကနေ လိုက်ပါလာတဲ့ အပြစ်မဲ့ပြည်သူ၁ ဦးလည်း မတော်တဆကျည်ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။
ဒီလို ပြည်သူထိခိုက်သေဆုံးခဲ့ရတဲ့အပေါ် Southern Yesagyo တပ်ပေါင်းစုက မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းရသလို တာဝန်ယူမှုရှိရှိနဲ့ အလေးအနက် တောင်းပန်တယ်လို့လည်း ဆိုပါတယ်။











