Border News Agency
ထိုင်း၊မေ ၂၂။
ထိုင်းနိုင်ငံ၊ချွန်ဘူရီပြည်နယ်၊ပတ္တရားမြို့က ဟိုတယ်တခုရဲ့ ခေါင်းမိုးထပ်မှာ မေလ ၂၁ ရက်၊မနေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေအပါအဝင် ဧည့်သည် ၁၀၀ ကျော်ကို အရေးပေါ် ကယ်ထုတ်ခဲ့ရပြီး လူ ၄ ဦး ဒဏ်ရာရသွားပါတယ်။
အဲဒီ မီးဟာ မနေ့ည ၉ နာရီဝန်းကျင်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဟိုတယ်ရဲ့ ဧည့်သည်နားနေခန်းတွေဆီကိုပါ ကူးစက်ပျံ့နှံ့ခဲ့တာပါ။
အဆောက်အအုံထဲမှာ လူအများအပြား ပိတ်မိနေခဲ့တာကြောင့် မီးသတ်သမားတွေက အလျင်အမြန် သွားရောက်ကယ်ဆယ်ခဲ့ရပြီး ည ၁၀ နာရီဝန်းကျင်မှာတော့ ခရီးသွားအများစုကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမယ့် လူအချို့ကတော့ မီးခိုးမွှန်တဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အာဏာပိုင်တွေ အဆက်မပြတ် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြလို့ ည ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ မီးကို လုံးဝထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီအပြင်မီးခိုးမွှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ လူ ၄ ဦးကိုတော့ ဆေးရုံကို အမြန်ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေရဲ့ ကနဦးစစ်ဆေးချက်တွေအရ ဒီမီးလောင်မှုဟာ လျှပ်စစ်ရှော့ခ်ဖြစ်ရာကနေ စတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။









