Border News Agency
မန္တလေး၊ဇွန် ၁၅။
မန္တလေးတိုင်းအတွင်း ပြီးခဲ့တဲ့တလကျော်ကာလက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၁၃ ကြိမ်မှာ အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်မှူးတွေအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံးပြီး ဗိုလ်မှူးချုပ် ၃ ဦးအပါအဝင် အများအပြား ဒဏ်ရာရသွား ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဇွန် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်ယာဉ်တန်းတွေကို ခြုံခိုတိုက်ခိုက်တာတွေပြုလုပ်နိုင်ခဲ့တာကြောင့် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ လေကြောင်းချီတပ်မဟာမှူး ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင်နဲ့ ဒုတပ်မဟာမှူးတို့ ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ခလရ ၄ တပ်ရင်းမှူး ဗိုလ်မှူး နေအောင်ထွန်းနဲ့ တပ်ကြပ် အောင်ဇော်ဇော်တို့ကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမြင်းခြံခရိုင်ဘက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာမှာလည်း လက်နက်ခဲယမ်းတင်ကား ၂ စီး မီးလောင်ပေါက်ကွဲပြီး စစ်တပ်ဘက်က ၁၀ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
PDF တပ်ဖွဲ့တွေအနေနဲ့ အာဏာသိမ်းစစ်တပ်ကို ဆက်လက်တိုက်ခိုက်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။













