Border News Agency
ထိုင်း၊ဇွန် ၂၀။
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင်၊ မယ်အိုင်မြို့နယ်အတွင်းမှာ ဇွန်လ ၁၈ ရက်၊ည ၁၁ နာရီအချိန်ခန့်ကထိုင်းတော်ဝင်ကြည်းတပ်ရဲ့ ဖားမိူင်းစစ်ဆင်ရေးတပ်ဖွဲ့နဲ့ မူးယစ်မှောင်ခိုဂိုဏ်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စိတ်ကြွဆေးပြား ၆ သိန်းနဲ့ ဘိန်းစိမ်း ၃၈ ဒသမ ၄ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီ ချင်းမိုင်ခရိုင်၊သာတွန်ကျေးရွာအုပ်စုရှိ သဘာဝနယ်စပ်လမ်းကြောင်းအတိုင်း မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ သံသယဖြစ်ဖွယ် လူ ၁၀ ဦးမှ ၁၅ ဦးခန့်ကို ထိုင်းစစ်တပ်က စစ်ဆေးဖို့ အချက်ပြချိန် သူတို့ဘက်က သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
အဲဒီလို တိုက်ပွဲဖြစ်ပွားပြီးနောက် မူးယစ်မှောင်ခိုသမားတွေဟာ နယ်မြေကျွမ်းကျင်မှုကို အသုံးချပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြကာ ထိုင်းစစ်တပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ဘေးကင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဇွန်လ ၁၉ ရက်၊မနက်ပိုင်းမှာ အာဏာပိုင်တွေကနယ်မြေအတွင်း လုံခြုံရေးတိုးမြှင့်ကာ လိုက်လံရှင်းလင်းခဲ့ရာ ကျောပိုးအိတ်အဖြစ် ပြုပြင်ထားတဲ့ ဆာလာအိတ် ၇ အိတ်အတွင်းက စိတ်ကြွဆေးပြား ၆ သိန်း၊ ဘိန်းစိမ်း ၂၄ ထုပ်နဲ့သူတို့ကျန်ရစ်ခဲ့တဲ့ ပြောင်းချောသေနတ် ကျည်ခွံ ၄ ခုတို့ကို ရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။
အဲဒီ ဖားမိူင်းတပ်ဖွဲ့မှူးရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ဗိုလ်မှူးကြီး ထန်မာလိုင်ထောင် နဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေဟာ မြေပြင်အခြေအနေကို သွားရောက်စစ်ဆေးခဲ့ကြပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ မယ်အိုင်ရဲစခန်းသို့ လွှဲပြောင်းထားတယ်လို့ဆိုပါတယ်။





















