Border News Agency
ပါကစ္စတန်၊ ဇူလိုင် ၃၁။
ပါကစ္စတန်နိုင်ငံတောင်ပိုင်းရှိ ကျောက်မီးသွေးတွင်းပေါက်ကွဲလို့ အနည်းဆုံးအလုပ်သမား သုံးဆယ့်လေးဦးသေဆုံးသွားခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး အေဂျင်စီက ဇူလိုင်လ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မီသိန်းဓာတ်ငွေ့ကြောင့်ဖြစ်ရတယ်လို့ယူဆရတဲ့ အဲဒီပေါက်ကွဲမှုဟာ သယံဇာတကြွယ်ဝတဲ့ ဘာလော့ချီစတန်ပြည်နယ်မြို့တော်အနီးက ကျောက်မီးသွေးတွင်းမှာ ဇူလိုင်လ ၃၀ ရက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညလုံးပေါက်ဆောင်ရွက်ခဲ့ရတာပါ။
”စေလွှတ်ထားတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ သတင်းပေးပို့ချက်အရ စုစုပေါင်းရုပ်အလောင်းသုံးဆယ့်လေးလောင်း ပြန်လည်ရရှိထားပြီး ဖြစ်ပါတယ်။”လို့ ဘာလော့ချီစတန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ကဆိုပါတယ်။
အဲဒီအပြင် ပိတ်မိနေသေးတဲ့ကျန်ရှိသူတွေကို ကယ်ဆယ်ဖို့ဆက်လက်ဆောင်ရွက်နေပေမယ့် ပေါက်ကွဲမှုဖြစ်ချိန်မှာ မိုင်းလုပ်သားမည်မျှရှိနေသလဲဆိုတာကိုတော့ အတိအကျသီးခြားထုတ်ပြန်ထားတာမရှိသေးပါဘူး။











