Border News Agency
မင်းတပ်၊ သြဂုတ် ၁။
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နဲ့ကန်ပက်လက်ကိုထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ချင်းပြည်သူ့တပ်မတော် (CPA)က ဩဂုတ်လ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဇူလိုင်လကုန်ထိတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းမှူးဗိုလ်မှူးကျော်ဆက်အပါအဝင် တပ်မှူးတချို့ကျဆုံးခဲ့ပြီး စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်း၊ ဒရုန်း၊ ဂျန်မာတွေကိုပါ သိမ်းဆည်းရမိခဲ့တာပါ။
အာဏာသိမ်းစစ်ကြောင်းထိုးချိန် အသက်ခုနှစ်ဆယ်အရွယ်ဒေသခံနှစ်ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့ပြီး တဦးကိုကယ်တင်နိုင်ခဲ့ပေမယ့် ကျန်တဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဲဒီအပြင် လောင်းရှည်-ဆောလမ်းနဲ့ ပေါက်-ကျောက်ထု-ထီးလင်း လမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့အာဏာသိမ်းစစ်သားတွေကို တော်လှန်ရေးတပ်တွေဖြတ်တိုက်လို့ ထိခိုက်ကျဆုံးမှုများစွာနဲ့ တပ်ပြန်ဆုတ်သွားခဲ့တာပါ။
မြေပြင်အထိနာနေတဲ့အာဏာသိမ်းစစ်တပ်ဟာ မေလလယ်ကစလို့ CPU ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ခြောက်ရာ ကျော်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


































