Border News Agency
ကျောက်ဖြူ၊ စက်တင်ဘာ ၁၁။
ကျောက်ဖြူခရိုင်မှာအသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်ပွားနေတဲ့ကျေးရွာ နှစ်ရွာကိုအာရက္ခပြည်သူ့ကျန်းမာရေးဌာနက စက်တင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာဆေးကုသပေးခဲ့ပါတယ်။
အဲဒီဆေးကုသပေးမှုမှာ ဒေသခံနှစ်ရာ့သုံးဆယ်ခုနှစ်ဦးကို ကျန်းမာရေးစစ်ဆေးကုသပေးခဲ့ပြီး အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့နဲ့ ULA ပါတီဝင်တွေပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။
အဲဒီအပြင် အေးစိုစွတ်တဲ့ မိုးနဲ့ဆောင်းရာသီတွေမှာဖြစ်ပွားတတ်တဲ့ တုပ်ကွေး၊အဆုတ်ရောင်နဲ့ လေပြွန်ရောင်ရောဂါတွေ ကူးစက်မှုမရှိရအောင် ဒေသခံတွေကို ကျန်းမာရေးဆိုင်ရာအသိပညာပေးတာတွေကိုလည်းပြုလုပ်ပေးခဲ့ပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဟာနှာချေ၊ချောင်းဆိုးတာတွေကနေတဆင့် ကူးစက်တတ်တာမို့ စနစ်တကျ လက်ဆေးဖို့၊Mask တပ်ဖို့၊သီးသန့်နေထိုင်ဖို့နဲ့ လေဝင်လေထွက်ကောင်းကောင်းရအောင် ဆောင်ရွက်ကြဖို့လည်း အသိပညာပေးထားပါတယ်။
ကျန်းမာရေးဌာန တာဝန်ရှိသူတွေက အသက်ရှူကျပ်တာနဲ့ ရင်ဘတ်အောင့်တာလို ပြင်းထန်တဲ့လက္ခဏာတွေ ခံစားရရင်နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးသွားရောက်ပြသကြဖို့ အသိပေးထားပါတယ်။














