Border News Agency
မြောက်ဦး၊စက်တင်ဘာ ၁၁။
ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ဟာ စစ်ရေးနဲ့အုပ်ချုပ်ရေး ကဏ္ဍနှစ်ခုစလုံးမှာချုပ်ကိုင်မှုအားကောင်းတဲ့ ဗဟိုဦးစီးစနစ်ကိုအခြေခံပြီး အဖွဲ့အစည်းကို စနစ်တကျတည်ဆောက်ထားတယ်လို့ ISP-Myanmar ရဲ့ သုတေသန အချက်အလက်တွေကဆိုပါတယ်။
ULA/AAဟာ လက်ရှိမှာ ပလက်ဝဒေသနဲ့ အာရက္ခဒေသရဲ့ ကိုးဆယ့်နှစ်ဒသမခြောက်ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြီး အဖွဲ့အစည်းတခုတည်းက ဗဟိုမှအမိန့်ပေးအုပ်ချုပ်တဲ့ စနစ်ပုံစံနဲ့နယ်မြေစိုးမိုးမှုကို ခိုင်မာအောင်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
အဖွဲ့အစည်းတည်ဆောက်ပုံမှာ ULA ဗဟိုအောက်ရှိ စစ်ရေးကဏ္ဍကိုဦးဆောင်တဲ့ အာရက္ခတပ်တော်နဲ့ အရပ်ဘက်အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေးတို့ကို တာဝန်ယူတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတို့ကို ပူးတွဲချိတ်ဆက်ထားတာပါ။
အုပ်ချုပ်ရေး ယန္တရားအောက်မှာခရိုင်၊ မြို့နယ်၊ တိုက်နယ်နဲ့ကျေးရွာ ကော်မတီတွေကို အဆင့်ဆင့် ဖွဲ့စည်းထားပြီး တရားစီရင်ရေး၊ လုံခြုံရေးနဲ့အခွန်ကောက်ခံမှုလုပ်ငန်းတွေကို ဗဟိုရဲ့ ညွှန်ကြားချက်တွေအတိုင်း တပြေးညီအကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခဒေသရှိ ဆယ့်လေးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပေမယ့် ULA/AA ရဲ့ ဗဟိုချုပ်ကိုင်မှု အားကောင်းတဲ့အုပ်ချုပ်ရေးနဲ့ စစ်ရေးတည်ဆောက်ပုံကြောင့် ထိန်းချုပ်နယ်မြေတွေအတွင်း အုပ်ချုပ်ရေးယန္တရားမှာ ပိုမိုအားကောင်းလာနေတာဖြစ်ပါတယ်။










