Border News Agency
မြောက်ဦး၊စက်တင်ဘာ ၁၁။
အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲမှာ မြောက်ဦးခရိုင်ဟာ တရားစီရင်ရေး၊လုံခြုံရေးနဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေ အားအကောင်းဆုံးစနစ်တကျ လည်ပတ်နေတဲ့ခရိုင်ဖြစ်တယ်လို့ ISP-Myanmar ရဲ့ သုတေသနအချက်အလက်တွေကဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝဒေသနဲ့အာရက္ခဒေသရဲ့ ကိုးဆယ့်နှစ်ဒသမခြောက်ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုဖွဲ့စည်းကာ ခရိုင်အလိုက်အုပ်ချုပ်ရေးယန္တရားတွေကို စတင်လည်ပတ်နေတာဖြစ်ပါတယ်။
အဲဒီလိုလည်ပတ်ရာမှာမြောက်ဦးခရိုင်အတွင်း တရားစီရင်ရေးနဲ့လုံခြုံရေးစနစ်တွေဟာ အခြားခရိုင်တွေထက်ပိုမိုအခြေကျအားကောင်းနေပြီး အာရက္ခ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေရဲ့အမှုအခင်းစိစစ်ဆောင်ရွက်ပေးနိုင်မှုမှာ အဆင့် ၄ မှ ၅ အထိ အမြင့်ဆုံးရှိနေတာပါ။
အဲဒီပြင်မြောက်ဦးခရိုင်အတွင်း အခွန်ကောက်ခံမှုနဲ့ အုပ်ချုပ်ရေးကော်မတီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာလည်း အားကောင်းစွာလည်ပတ်နေပြီး ဒေသတွင်းတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ထိရောက်စွာဆောင်ရွက်နိုင်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်းစစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာ လိုအပ်ချက်များစွာစိန်ခေါ်မှုအဖြစ်ရှိနေဆဲဖြစ်ပြီး အဲဒီကဏ္ဍတွေကိုပိုမိုအားကောင်းလာစေဖို့ ULA/AA ဘက်က ကြိုးပမ်းဖြည့်ဆည်းပေးနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။










