Border News Agency
မဲဆောက်၊အောက်တိုဘာ ၂၂။
ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊မဲဆောက်မြို့နယ် ၊ မဲကာဆာကျေးရွာမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားခြောက်ဦးကို မဲဆောက်မြို့နယ် ဌာနဆိုင်ရာအဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။
မဲကာဆာကျေးရွာမှာ အောက်တိုဘာလ ၂၁ ရက်နေ့က ဌာနဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြီး မဲကာဆာကျေးရွာနယ်မြေအတွင်းက ရွှေ့ပြောင်းလုပ်သားတွေကို ဝင်ရောက်စစ်ဆေးခဲ့ရာက ဖမ်းမိခဲ့တာဖြစ်ပါတယ်။
အဲဒီရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြတဲ့ အသက်နှစ်ဆယ့်သုံးနှစ်မှ အသက်လေးဆယ်ခြောက်နှစ်အရွယ်ရှိ မြန်မာအမျိုးသားတဦးနဲ့ မြန်မာအမျိုးသမီးငါးဦးကို ဖမ်းဆီးခဲ့တာပါ။
သူတို့ကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းဝင်ရောက်နေမှု၊အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ လုပ်ပိုင်ခွင့် နယ်ပယ်ထက် ကျော်လွန်အလုပ်လုပ်ကိုင်မှုတွေနဲ့အရေးယူခဲ့ပြီး မဲဆောက်မြို့ရဲစခန်းကိုပို့ဆောင်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က နေရာပေါင်းနှစ်ဆယ်နီးပါးကိုစစ်ဆေးခဲ့ပြီး တရားမဝင်ဝင်ရောက်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား လူပေါင်းနှစ်ရာကျော်ထက်ဖမ်းဆီးခဲ့ပါတယ်။












