Border News Agency
စစ်တွေ၊ အောက်တိုဘာ ၅။
စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းရာမှာ ရခိုင်က ဒုတိယအများဆုံးပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အောက်တိုဘာလ ၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဓမ္မစစ်သားစုဆောင်းရာမှာ ဒီကနေ့အချိန်အထိ အတင်းအဓမ္မစစ်သားစုဆောင်းခံရမှုဖြစ်စဉ်ပေါင်း ၁,၆၁၈ ခုရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုအတင်းအဓမ္မ စစ်သားစုဆောင်းခံရမှုတွေထဲမှာ စစ်သားအဖြစ်စုဆောင်းခံရသူ ၃၀,၇၀၆ ဦး ကိုမှတ်တမ်းစုဆောင်းထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံနေရတဲ့အများဆုံးနေရာဒေသဟာ မန္တလေးတိုင်းဖြစ်ပြီး ရခိုင်က ဒုတိယအများဆုံးဖြစ်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၂၁,၅၀၃ ခုရှိခဲ့ပြီး အများဆုံးကျူးလွန်ချိုးဖောက်ခံရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားကတော့တရားလက်လွတ်သတ်ဖြတ်ခံရမှု (Extrajudicial Killing)ဖြစ်စဉ်တွေဖြစ်ပြီး ဖြစ်စဉ်ပေါင်း ၅,၀၁၆ မှု ရှိနေတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်အများဆုံးအနေနဲ့ စစ်ကိုင်းတိုင်းမှာဖြစ်ပွားမှု အများဆုံးဖြစ်တာကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့တွေကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။






