Border News Agency
လောက်ကိုင်၊ နိုဝင်ဘာ ၁၆။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်နယ်မြေအတွင်းအထူးဒေသ ၁ ကျန်းမာရေးဌာနမှ ငါးနှစ်အောက်ကလေးတွေကို ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ နိုဝင်ဘာလ ၁၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အထူးဒေသ ၁ ကျန်းမာရေးဌာနဟာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ၂၁၂၀ ပြည့်ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဒေသခံပြည်သူတွေရဲ့ ကလေးတွေကို ကာကွယ်ဆေးထိုးပေးခဲ့တာလို့ဆိုပါတယ်။
အဲဒီ MNDAA ထိန်းချုပ်နယ်မြေရှိ မိုင်းယု ၁၀၅ မိုင်ကျေးရွာနဲ့ အနီးအနားဝန်းကျင်က အသက်ငါးနှစ်အောင် ကလေးတရာ့ကိုးဆယ်တဦးကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လိုအပ်တဲ့ကာကွယ်ဆေးတွေကို နိုဝင်ဘာလ ၁၅ ရက်နေ့က ထိုးပေးခဲ့တာလို့ဆိုပါတယ်။
ဒီကာကွယ်ဆေးဟာ ကလေးသူငယ်တွေအတွက် အသက်အန္တရာယ်ရှိတဲ့ ကူးစက်ရောဂါတွေ ဖြစ်တဲ့ တီဘီ၊ ပိုလီယို၊ ဝက်သက် နဲ့ဂျပန်ဦးနှောက်ရောင်ရောဂါတွေရဲ့ ဘေးအန္တရာယ်မှကြိုတင်ကာကွယ်ဖို့အတွက် အရေးပါတယ်လို့ဆိုပါတယ်။
ဒါကြောင့် ကျန်းမာရေးဌာနအနေနဲ့ ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေဖို့နဲ့ ရောဂါဘေးကင်းရှင်းစေဖို့အတွက် နောင်မှာလည်း အဆက်မပြက် ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမယ်လို့ဆိုပါတယ်။

















