Border News Agency
ကျောက်တော်၊ ဇန်နဝါရီ ၂၀။
အာရက္ခတပ်တော်ထိန်းချုပ်နယ်ထားတဲ့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ ထားရှိရာနေရာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အများအပြားသေဆုံးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဇန်နဝါရီ
လ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီချောင်းတူ (ခ) ဆောင်းဒုံ ကျေးရွာအနောက်ဘက်ကနေရာအချို့ကို ဇန်နဝါရီလ ၂၀ ရက်၊ ည ၇ နာရီ ၂၄ မိနစ်နဲ့ ၂၈ မိနစ်အချိန်တွေမှာ စစ်ကော်မရှင်တပ်က လေကြောင်းမှဗုံးလေးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် အဲဒီနေရာမှာရှိနေတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေနဲ့ စစ်သုံ့ပန်းတချို့ဟာ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီစစ်သုံ့ပန်းတွေဟာ အာရက္ခတပ်တော်က မကြာခင်ပြန်လည်လွှတ်ပေးဖို့အတွက် စုစည်းထားရှိတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်အနေနဲ့ မိမိတို့တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ဖြစ်နေတာတောင်ရက်ရက်စက်စက် လေကြောင်းကနေပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ စစ်သုံ့ပန်းတွေရဲ့အသက်အန္တရာယ်ကို လျစ်လျူရှုတဲ့လုပ်ရပ်ဖြစ်တယ်လို့ အေအေကဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်စာရင်းကို အာရက္ခတပ်တော်ဘက်က ဆက်လက်စိစစ်နေဆဲဖြစ်ပြီး နောက်ဆက်တွဲသတင်းအချက်အလက်တွေကိုလည်း ထပ်ပြီးထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။






