Border News Agency
မဲဆောက်၊ ဖေဖော်ဝါရီ ၇။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်မှာ အထောက်ထားမဲ့ မြန်မာလုပ်သားဆယ့်သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB ) က ဖေဖော်ဝါရီလ ၆ ရက်၊ မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမြန်မာနိုင်ငံသားတွေကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ (Highway Police) က ကင်းလှည့်စစ်ဆေးနေချိန်မှာ မသင်္ကာဖွယ်ပစ်ကပ်ထရပ်ကားတစီးကို စစ်ဆေးဖို့အချက်ပြတားဆီးခဲ့ပေမယ့် ယာဉ်မောင်းမှာရပ်တန့်ခြင်းမရှိပဲ မောင်းပြေးခဲ့တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာအာဏာပိုင်းတွေကလိုက်လံခဲ့ချိန် လမ်းဘေးသစ်တောအနီးမှာကားကိုစွန့်ပစ်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ တောထဲသို့ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကားမှာလိုက်ပါလာတဲ့ခရီးသည်တွေဟာ အထောက်အထားမဲ့မြန်မာလုပ်သား အမျိုးသားခုနှစ်ဦးနဲ့ အမျိုးသမီး ခြောက်ဦး၊ စုစုပေါင်းဆယ့်သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်လာဖို့အတွက် ပွဲစားခနဲ့ခရီးစရိတ် တဦးလျှင်ဘတ်လေးသောင်းစီပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီထဲက တချို့မှာ စမတ်စခွန် (Samut Sakhon) ရှိ ပုစွန်မွေးမြူရေးခြံတွေမှာ အလုပ်လုပ်မှာဖြစ်ပြီး တချို့မှာမလေးရှားနိုင်ငံသို့ သွားမယ့်ရည်ရွယ်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူ ဆယ့်သုံးဦးကို “တရားမဝင်ဝင်ရောက်နေထိုင်မှု” နဲ့ ကန်ချနဘူရီမြို့မရဲစခန်းမှာအမှုဖွင့်ထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အတူ နေရပ်သို့ပြန်လည်ပို့ဆောင်ရန် စီစဉ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ထွက်ပြေးသွားတဲ့ ထိုင်းယာဉ်မောင်းဖြစ်သူကိုဖမ်းဆီးဖို့ ကားလိုင်စင်မှတဆင့် ဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။












