Border News Agency
ကာလီဖိုးနီးယား၊ ဖေဖော်ဝါရီ ၂၀။
ကာလီဖိုးနီးယားပြည်နယ်ရဲ့ ခေတ်သစ်သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးဆီးနှင်းတောင်ပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေတယ်လို့ နီဗားဒါးခရိုင် ရဲအရာရှိ Shannan Moon က ဖေဖော်ဝါရီလ ၁၉ ရက်၊ မနေ့ကသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။
မိုးလေဝသပညာရှင်တွေနဲ့ နီဗားဒါးခရိုင်ရဲအရာရှိ Shannan Moon တွေက ဒီနှစ်အတွင်း အပြင်းထန်ဆုံးဆီးနှင်းမုန်တိုင်း ကျရောက်မှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက်ကတည်းက ကြိုတင်သတိပေးထားခဲ့တာပါ။
အဲဒီနှင်းမုန်တိုင်းဟာ ကာလီဖိုးနီးယားပြည်နယ်၊ Truckee မြို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် Blackbird Mountain Guides ကုမ္ပဏီက လမ်းပြ ၄ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦးကို Donner Pass အထက်ရှိတောင်စောင်းဆီကို ပို့ဆောင်ခဲ့တာကြောင့် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။
အဲဒီအပြင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မထင်မှတ်ဘဲဆီးနှင်းတောင်ပြိုကျမှု (Avalanche) ဖြစ်ပွားလို့ အဖွဲ့ဝင်တွေ ဆီးနှင်းအောက်မှာ ပိတ်မိခဲ့တာပါ။
နှင်းမုန်တိုင်းပြင်းထန်တာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ နှင်းလျှောစီးကာ ၆ နာရီကြာခက်ခဲစွာ ခရီးနှင်ခဲ့ရပါတယ်။
အဲဒီနောက် ညနေ ၅ နာရီခွဲမှာတော့ အသက်ရှင်ကျန်ရစ်သူ ၆ ဦးဆီကိုရောက်ရှိခဲ့ပြီး ၂ ဦးကို ဆေးရုံကိုပို့ဆောင်ထားရကာ ပျောက်ဆုံးနေသူ ၉ ဦး ရှိနေသေးတယ်လို့ သိရပါတယ်။
အဲဒီအပြင် သေဆုံးသူ ၈ ဦးရှိခဲ့ပြီး ရုပ်အလောင်းတွေကိုတော့ ရာသီဥတုဆိုးရွားတဲ့အတွက် တောင်ပေါ်ကနေမသယ်ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။
အဲဒီ ဆိုးရွားတဲ့ဆီးနှင်းတောင်ပြိုကျမှုတခုလည်း ဆွစ်ဇာလန်နိုင်ငံ (Swiss Alps) မှာ ဖြစ်ခဲ့ပါတယ်။
ပြိုကျလာတဲ့ဆီးနှင်းထုကြီးက မောင်းနှင်လာတဲ့ရထားတစင်းကို တိုက်ရိုက်ရိုက်ခတ်ခဲ့တဲ့ ထိတ်လန့်ဖွယ်ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်နေပါတယ်။
နီဗားဒါးခရိုင် ရဲအရာရှိ Shannan Moon က လမ်းပြကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တွေကို စုံစမ်းစစ်ဆေးနေပါတယ်။
အဲဒီအပြင် Placer ခရိုင်ရဲအရာရှိ Wayne Woo ကလည်း မုန်တိုင်းမပြီးမချင်း တောင်တန်းဒေသဆီကို လာရောက်တာမျိုးမလုပ်ကြဖို့ အလေးအနက်သတိပေးထားပါတယ်။


















