Border News Agency
ထိုင်း၊ ဩဂုတ် ၂၅။
စင်ကာပူမှာ မာစတာဘွဲ့တက်မယ့် အသက် ၂၉ နှစ်အရွယ် တရုတ်ကျောင်းသူတဦးကို ဘန်ကောက်မြို့ရှိ ဟိုတယ်ကနေပြန်ပေးဆွဲပြီး မြန်မာနယ်စပ်မဲဆောက်ကိုပို့ဖို့ ကြိုးပမ်းခဲ့တဲ့ ထိုင်းအမျိုးသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။
အဲဒီတရုတ်အမျိုးသမီးဟာ စင်ကာပူကမိတ်ဆွေရဲ့ စည်းရုံးမှုနဲ့ ထိုင်းကိုရောက်ရှိလာချိန် ယာဉ်မောင်းအပါအဝင် အမျိုးသား ၄ ဦးကဖုန်းကိုလုယူ၊လက်ကိုကြိုးတုပ်ပြီး ရိုက်နှက်ခြိမ်းခြောက်ကာ မဲဆောက်ကိုခေါ်ဆောင်သွားခဲ့တာပါ။
ပြန်ပေးဆွဲသူတွေရဲ့မော်တော်ယာဉ်ဟာ စစ်ဆေးရေးဂိတ်တွေကိုလွတ်မြောက်ခဲ့ပေမယ့် Kamphaeng Phet ခရိုင်အရောက်မှာ ရဲတပ်ဖွဲ့ကသတိပြုမိလို့မောင်းပြေးစဉ် တရုတ်အမျိုးသမီးက ကားပေါ်ကနေခုန်ဆင်းပြီး လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့က ကားဘီးကိုသေနတ်နဲ့ပစ်ခတ်တားဆီးကာ အသက် ၄၁ နှစ်အရွယ် Somkiat၊ အသက် ၂၄ နှစ်အရွယ် Kittiporn တို့ ၂ ဦးနဲ့ ဘုန်းကြီးကျောင်းမှာ ပုန်းနေတဲ့ အသက် ၄၁ နှစ်အရွယ် Suchat၊ အသက် ၂၂ နှစ်အရွယ် Kittisak တို့ ၂ ဦး၊ စုစုပေါင်း ၄ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
Kamphaeng Phet ခရိုင် ရဲတပ်ဖွဲ့မှူးက ဒီဖြစ်စဉ်ဟာ မြန်မာနိုင်ငံဘက်ကို ပို့ဆောင်ဖို့ စနစ်တကျ အကွက်ချဆောင်ရွက်တဲ့ လူကုန်ကူးကွန်ရက်တခုဖြစ်နိုင်ပြီး ကျားဖြန့်စခန်းတွေကိုပို့ဆောင်ဖို့ ရည်ရွယ်တာရှိမရှိကို ထိုင်းရဲတပ်ဖွဲ့ဆက်လက်စုံစမ်းနေပါတယ်။


















