Border News Agency
ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၄။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိ စျေးနဲ့ စာသင်ကျောင်းအနီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည်၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ တဆယ်ကျော်သေဆုံးသွားပြီး ဒဏ်ရာရသူတွေအများအပြားရှိနေတယ်လို့ သိရပါတယ်။
အဲဒီယိုးငူကျေးရွာရှိ ဈေးအနီးနဲ့ စာသင်ကျောင်းအနီးကို စစ်ကော်မရှင်တပ်ဟာ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတဆယ်ကျော် သေဆုံးပြီးထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေကမိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။






