Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၂၈။
မဲဆောက်မြို့နယ်ထဲကို တရားမဝင်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ သူတို့ကိုကူညီပေးခဲ့တဲ့ ထိုင်းနိုင်ငံသား ၁ ဦးကို ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေပိုင်းမှာဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ မဲဆောက်ရဲစခန်းနဲ့ စစ်တပ်ပူးပေါင်းအဖွဲ့တွေဟာ အဲဒီနေ့ ညနေ ၇ နာရီအချိန်ခန့်က သာ့ဆိုင်လွတ်ကျေးရွာအုပ်စုအတွင်း နယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်စစ်ဆေးနေခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလိုကင်းလှည့်နေရင်း ကျေးရွာလမ်းပေါ်မှာ မသင်္ကာစရာလူတစုကိုတွေ့လို့ စစ်ဆေးလိုက်တဲ့အခါ ဘယ်အထောက်အထားစာရွက်စာတမ်းမှမရှိတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို စပြီးဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ မြန်မာနိုင်ငံသားတွေဖမ်းဆီးမခံရအောင် နည်းလမ်းမျိုးစုံနဲ့ ကူညီပို့ဆောင်ပေးခဲ့သူ အသက် ၂၀ အရွယ် ထိုင်းနိုင်ငံသားတဦးကိုလည်း တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးတာကနေ လွတ်မြောက်အောင်ကူညီပေးမှုနဲ့ ထပ်ပြီးဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထိန်းသိမ်းထားပြီး ထိရောက်စွာအရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို လွှဲပြောင်းအပ်နှံထားပြီဖြစ်တယ်လို့ ဆိုပါတယ်။













