Border News Agency
ပဲခူး၊ မတ်လ ၁၃။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမကြီးကျေးရွာမှာ စခန်းချထားတဲ့ စစ်ကော်မရှင်တပ်ရဲ့လက်အောက်ခံ ရဲ ၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန၊တပ်ရင်းအမှတ် ၈၀၃ က မတ်လ ၁၃ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ ရဲတပ်ကြပ်ထက်မိုးဟိန်းနဲ့ ရဲတပ်သား ကျော်စွာတို့ အလင်းဝင်လာကြတာဖြစ်ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကတည်းက တပ်ရင်း ၈၀၃ ဆီကို ဆက်သွယ်ချိတ်ဆက်ပြီး ခိုလှုံလာခဲ့တာပါ။
သူတို့နဲ့အတူ G3 သေနတ် ၂ လက်၊ကျည်ဘောက် ၈ ဘောက်၊ ကျည်အတောင့် ၁၀၀ နဲ့ Vest ဝတ်စုံ ၂ ခုတို့ကိုပါ ယူဆောင်လာတယ်လို့ သိရပါတယ်။
အဲဒီရဲ ၂ ဦးကို ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပေးထားပြီး လွတ်မြောက်နယ်မြေကတဆင့် ပြည်ပမှာ အလုပ်အကိုင်ရနိုင်ဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။
အလင်းဝင်လာသူတွေရဲ့ လုံခြုံရေးကြောင့် အခုလို သတင်းထုတ်ပြန်ဖို့ နောက်ကျခဲ့ရတာလို့လည်း တပ်ရင်း ၈၀၃ က ဆိုပါတယ်။
စစ်ကော်မရှင်တပ်လက်အောက်က စစ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလိုတယ်ဆိုရင် တပ်ရင်း ၈၀၃ ဆီ ဆက်သွယ်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။










