Border News Agency
တဟီရန်၊ ဧပြီ ၁၅။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လှောင်ပြောင်ထားတဲ့ Lego အရုပ်ပုံစံ AI ဗီဒီယိုတွေတင်ဆက်နေတဲ့ Explosive Media အဖွဲ့ရဲ့ YouTube အကောင့်ကို ပိတ်ပင်လိုက်တဲ့အပေါ် အီရန်အစိုးရက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ယာယီအပစ်အခတ်ရပ်စဲရေး ထွက်ပေါ်လာချိန်မှာ “ထရမ့် အရှုံးပေးပြီ၊ အီရန် နိုင်ပြီ” ဆိုတဲ့ ဗီဒီယိုအပါအဝင် ထရမ့်ကို လူရွှင်တော်လိုသရုပ်ဖော်ထားတဲ့ ဒီဗီဒီယိုတွေဟာ ကြည့်ရှုသူသန်းနဲ့ချီရှိခဲ့တာပါ။
YouTube ဘက်ကတော့ ဒီချန်နယ်ကို “အကြမ်းဖက်မှုပါဝင်သည်”ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်လိုက်တာဖြစ်ပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါဟာ အမေရိကန်ရဲ့ အီရန်အပေါ် ကျူးကျော်စစ်နဲ့ပတ်သက်တဲ့ “အမှန်တရား” တွေကို ဖုံးကွယ်ဖို့ ကြိုးစားတာလို့ ဆိုပါတယ်။
Disney နဲ့ Pixar လို ကုမ္ပဏီကြီးတွေရှိတဲ့ အမေရိကန်မှာ အခုလိုလွတ်လပ်တဲ့ ကာတွန်းချန်နယ်တစ်ခုကို ပိတ်လိုက်တာဟာ အံ့သြစရာပဲ လို့ အီရန်ပြောရေးဆိုခွင့်ရှိသူက ဝေဖန်ခဲ့ပြီး ဒါဟာ အမေရိကန်အစိုးရရဲ့ဝါဒဖြန့်မှုတွေကို ကာကွယ်ပေးလိုက်တာပဲလို့ စွပ်စွဲလိုက်ပါတယ်။
Explosive Media အဖွဲ့ဟာ သူတို့ကိုယ်သူတို့ လွတ်လပ်တဲ့ဖန်တီးရှင်တွေလို့ ပြောနေပေမယ့် အီရန်အစိုးရနဲ့ နီးစပ်တဲ့အဖွဲ့လို့ ယူဆရပြီး သူတို့ရဲ့ဗီဒီယိုတွေဟာ အမေရိကန်ရဲ့အရှေ့အလယ်ပိုင်း မူဝါဒတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိပါတယ်။






