Border News Agency
မိုင်းငေါ့၊ ဧပြီ ၁၇။
တရားမဝင်သမ္မတတုမင်းအောင်လှိုင်ထံ တအာင်းတပ်က သင်္ကြန်ဆုတောင်းလွှာ ပေးပို့ဂုဏ်ပြုခဲ့တဲ့အပေါ် မိုင်းငေါမြို့နယ် အခြေခံပညာအထက်တန်းကျောင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့လိုက်ပါတယ်။
မိုင်းငေါ့ကျောင်းဟာ CDM ဆရာ၊ ဆရာမတွေနဲ့ တည်ထောင်ထားတဲ့ တော်လှန်ရေးကျောင်းဖြစ်ပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန်ကြောင့် ကျောင်းသားတွေနဲ့ စာသင်ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့ရတဲ့ သာဓကတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်ပြီး အရပ်ဘက်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကော်မရှင်အဖွဲ့ကို အသိအမှတ်ပြု ဂုဏ်ပြုတာဟာလုံးဝလက်ခံနိုင်စရာမရှိသလို ဒါဟာ သမိုင်းတရားခံဖြစ်မယ့် လုပ်ရပ်လို့ဆိုပါတယ်။
ဒါကြောင့် စစ်ကော်မရှင်အုပ်စုနဲ့ ပူးပေါင်းသူမှန်သမျှကို သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်သွားမှာဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊သမ္မတကြီးနဲ့ နိုင်ငံရေးကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
မိုင်းငေါ့ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေဟာ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တော်လှန်ပြည်သူတွေနဲ့အတူ လက်တွဲသွားမှာဖြစ်ပြီး တော်လှန်ရေးရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆက်လက်ဆုပ်ကိုင်သွားမယ်လို့လည်း သန္နိဋ္ဌာန်ပြုထားပါတယ်။






