Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ပြန်သိမ်းယူဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွေပြင်းထန်ပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ကကြည်း၊ရေ၊လေပူးပေါင်းပစ်ခတ်နေတာမို့ ပုဏ္ဏားကျွန်းဒေသခံပြည်သူတွေထွက်ပြေးစစ်ဘေးရှောင်နေကြရပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်မှ မြောက်ဦးမြို့နယ်သို့ တိမ်ရှောင်လာကြတဲ့ပုဏ္ဏားကျွန်းဒေသခံတွေဟာ စားဝတ်နေရေးအကူအညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းဒေသခံတွေဟာ ကုလားတန်မြစ်ကို ဖြတ်ကျော်ပြီး မြောက်ဦးမြို့နယ်ကို စစ်ဘေးရှောင်လာကြတာဖြစ်ပြီး စားဝတ်နေရေးအကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
“ကျမတို့က လွန်ခဲ့တဲ့ဆယ်ရက်လောက်ကနေပြောင်းလာတာပါ။ ဦးရာဇ်တောင်စေတီရင်းမှာ ဗုံးသီးကျပါတယ်။ လက်နက်ကြီးတွေနဲ့ပစ်ကြပါတယ်။ ကျမတို့ကမနေရဲတော့တာကြောင့် မြောက်ဦးမြို့နယ်ဘက်ကိုရောက်နေကြရတာပါ။ မိသားစုတွေရှိတဲ့အိမ်တအိမ်မှာကပ်ခိုနေရပါတယ်။ စားဝတ်နေရေးလည်း အဆင်မပြေပါဘူး။ ကျမတို့မှာမိသားစုကလည်း ခြောက်ယောက်ပါပါတယ်။”လို့ ဘေးရှောင်အမျိုးသမီးတဦးဖြစ်သူ ဒေါ်အိမ်စိုးသာက Border News Agency ကို ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်နေသလို အရပ်သားနေရာတွေကိုလည်း ကြည်း၊ရေ၊လေပူးပေါင်းပစ်ခတ်နေတာမို့ထွက်ပြေးလာကြတာလို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊စပါးထား၊အိုင်ဒင်၊ကွမ်းတောင်၊အောင်မြေကုန်း၊ခမောင်းတောစတဲ့ကျေးရွာတွေအနီးမှာ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေပြင်းထန်နေတာမို့ အာဏာသိမ်းစစ်တပ်က ကြည်း၊ရေ၊လေပူးပေါင်းပစ်ခတ်နေသလိုအရပ်သားတွေလည်း ထိခိုက်ဒဏ်ရာရနေကြပါတယ်။
အဲဒီလိုပစ်ခတ်နေတာမို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြရတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
“ကျနော်တို့ဟာ လုံးဝနေလို့မရတော့တာကြောင့် ထွက်ပြေးလာတာဖြစ်ပါတယ်။ ကျနော်တို့နေရာမှာ ရက်ပေါင်းတဆယ်ကျော်လောက်က လေယာဉ်နဲ့လာကြဲပါတယ်။ ကျနော်တို့နေမရတာကြောင့် ထွက်ပြေးလာတာပါ။ ဒီနေရာမှာ ကျနော်တို့ကမလုပ်စားတတ်ပါဘူး။ ဒီနေရာမှာလုပ်စားကြတာက လယ်လုပ်စားကြပါတယ်။ ငါးဟင်းရှာစားကြပါတယ်။ ကျနော်တို့က အဲဒါတွေကို မလုပ်တတ်ပါဘူး။ စားဝတ်နေရေးလည်းအဆင်မပြေဖြစ်ကြပါ။”လို့ စစ်ဘေးရှောင်တဦးဖြစ်သူဦးသန်းဟန်က Border News Agency ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေထဲမှာ ကလေးသူငယ်တွေ၊သက်ကြီးရွယ်အိုတွေ၊ကျန်းမာရေးမကောင်းသူတွေ၊မသန်စွမ်းသူတွေလည်း ပါဝင်တယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒါကြောင့် အရေးပေါ်စားဝတ်နေရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ဆေးဝါးအကူအညီတွေ၊ငွေကြေးအကူအညီတွေလည်း လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
“ကျနော်တို့ရွာဘက်မှာဆို နေ့တိုင်းဗုံးလာကြဲပါတယ်။ လက်နက်ကြီးတွေနဲ့လှမ်းပစ်ပါတယ်။ ဒါကြောင့်နေမရလို့ မိသားစုငါးယောက်နဲ့မြောက်ဦးမြို့နယ်နတ်ချောင်းကျေရွာဘက်ကို စစ်ရှောင်လာရပါတယ်။ စားဝတ်နေရေးကတော့ အခက်အခဲများပါတယ်။ကိုယ်တိုင်လည်း လေဖြတ်ထားတဲ့ကျန်းမာရေးမကောင်းတဲ့လူတယောက်ပါ။ သွားလာလို့ကလည်း မရတော့ပါဘူး။” လို့ စစ်ဘေးရှောင်သက်ကြီးရွယ်အိုတဦးဖြစ်သူ ဦးမောင်သာကျော်က Border News Agency ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းကင်းမဲ့နေကြသလို ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေတာမို့ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို အပြင်းအထန်ရင်ဆိုင်ခံစားကြုံတွေ့နေကြရပြီး အဆင်ပြေသလို နေထိုင်ရှင်သန်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ အဆင်ပြေနီးစပ်ရာကျေးရွာတွေမှာ အဆင်ပြေသလို ယာယီနေထိုင်နေကြရပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေမရကြတာမို့ စားဝတ်နေရေးပိုမိုခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
“ရွာတဘက်က လေယာဉ်တွေဝဲလို့ မြောက်ဦးမြို့နယ်၊နတ်ချောင်းကို စစ်ရှောင်လာရပါတယ်။ စစ်ရှောင်လာပေမယ့် စားဝတ်နေရေးတွေက အဆင်မပြေပါဘူး။”လို့ စစ်ဘေးရှောင်သက်ကြီးရွယ်အိုအမျိုးသမီးကြီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ မိသားစုဆွေမျိုးတွေ၊ခင်မင်ရင်းနှီးသူတွေသူတွေအပါအဝင် နီးစပ်ရာအိမ်တွေမှာအဆင်ပြေသလို ယာယီနေထိုင်နေကြပေမယ့် ရေရှည်စစ်ဘေးရှောင်နေထိုင်နိုင်ကြဖို့ အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီမြောက်ဦးမြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်သိန်းချီရှိနေကြပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။








