Border News Agency
အီရန်၊ ဧပြီ ၁၉။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၁၇ ရက်မှာ တနာရီအတွင်း အချက် ၇ ချက်ကို လူမှုကွန်ရက်ကနေ ရေးသားခဲ့ပေမယ့် အဲဒီအချက်တွေအားလုံးဟာ မှားယွင်းနေတယ်လို့ အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
ဂါလီဘတ်ဖ်က အမေရိကန်အနေနဲ့ လိမ်ညာပြောဆိုမှုတွေနဲ့ စစ်ပွဲကို အနိုင်မရနိုင်သလို အခုလိုလုပ်ရပ်တွေကြောင့် နောင်လာမယ့် ဆွေးနွေးညှိနှိုင်းမှုတွေမှာလည်း တစုံတရာ အောင်မြင်မှုရမှာမဟုတ်ဘူးလို့ ဝေဖန်ထားပါတယ်။
အီရန်အပေါ် အမေရိကန်ဘက်က ပိတ်ဆို့မှုတွေ ဆက်လုပ်နေမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်က ပြန်ဖွင့်ပေးဖို့ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။
ရေလက်ကြား အခြေအနေဟာ လူမှုကွန်ရက်ပေါ်က ရေးသားချက်တွေထက် မြေပြင်အခြေအနေပေါ်မှာပဲ မူတည်တယ်လို့လည်းဆိုပါတယ်။
အမေရိကန်ရဲ့ မီဒီယာတိုက်ပွဲနဲ့ လှည့်ကွက်တွေဟာ စစ်ပွဲရဲ့အစိတ်အပိုင်းတခုဖြစ်ပေမယ့် အီရန်အပေါ်မှာတော့ ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူးလို့ ဂါလီဘတ်ဖ်က ဆိုပါတယ်။
ဒါ့အပြင် အီရန်ပြည်သူတွေအနေနဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ သတင်းမှန်တွေကို သိချင်ရင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကိုသာ ကြည့်ရှုဖို့ အမေရိကန်နဲ့ဆွေးနွေးပွဲမှာ အီရန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူလည်းဖြစ်တဲ့ ဂါလီဘတ်ဖ်က တိုက်တွန်းထားပါတယ်။






